အရင်နေ့တုန်းက “You Are What You Eat” ဆိုတဲ့အတိုင်း ကျွန်တော်တို့စားလိုက်တဲ့အစာက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ကြီးမားတဲ့သက်ရောက်မှုရှိတဲ့အကြောင်းပြောပြပေးခဲ့ပါတယ်။ ဒီနေ့မှာပြောပြပေးချင်တာကတော့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကောင်းစေတဲ့ အစားအစာထဲကတစ်ခုဖြစ်တဲ့ ချောကလက်(Dark Chocolate) အကြောင်းပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၁၈၈၇) ခုနှစ်က မက္ကစီကိုနိုင်ငံမှာ ကိုကိုးစေ့ (Cocao) ကို ငွေကြေးတစ်ခုအဖြစ်အသုံးပြုခဲ့ကြတယ်ဆိုတာ သိပါသလား? ငွေကြေးတစ်ရပ်အနေနဲ့ တန်ဖိုးရှိခဲ့တဲ့ ချောကလက်(Dark Chocolate)က ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အာဟာရဓာတ်ကြွယ်ဝပြီး ဦးနှောက်စွမ်းဆောင်ရည်တိုးတက်စေတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

ကိုကိုး(Caoco ) ပါဝင်မှု (၇၀-၈၅) ရာခိုင်နှုန်းရှိတဲ့ ချောကလက်(Dark Chocolate)မှာ အမျှင်ဓာတ်နဲ့ သတ္တုဓာတ် ပေါများပြီး အာဟာရဓာတ်ကြွယ်ဝပါတယ်။ ချောကလက်(Dark Chocolate) (၁၀၀) ဂရမ်မှာ အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓာတ်တို့ ပေါများစွာပါဝင်ပါတယ်။ ချောကလက်မှာ ကဖိန်းလိုဓာတ်မျိုးပါဝင်ပေမယ့် ကော်ဖီမှာပါဝင်သလောက်မများတဲ့ အတွက် ညဘက်အိပ်မပျော်တာမျိုးဖြစ်စေမှာ မဟုတ်ပါဘူး။ ချောကလက်(Dark Chocolate) ကိုစားသုံးခြင်းရဲ့ အကျိုးရှိဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်အပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိတာပဲဖြစ်ပါတယ်။

ချောကလက်(Dark Chocolate)မှာ ပါဝင်တဲ့ Polyphenols တစ်မျိုးဖြစ်တဲ့ flavanols က ဦးနှောက်မှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ကျန်းမာစေပြီး ဦးနှောက်အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဦးနှောက်ဆီသွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ဦးနှောက်တစ်သျှူးတွေကို ကျန်းမာစေပါတယ်။

အသက် (၂၃-၉၈) ကြားရှိတဲ့ လူတစ်ထောင်ကိုလေ့လာချက်အရ ချောကလက်ကို တစ်ပတ်တစ်ကြိမ်လောက် စားသုံးပေးတဲ့သူတွေဟာ မှတ်ဉာဏ်၊ ကြောင်းကျိုးဆက်စပ်စဉ်းစားနိုင်စွမ်း နဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းနေတာ တွေ့ရပါတယ်။ အသက်အရွယ်အရဖြစ်လာတဲ့ မှတ်ဉာဏ်ချို့ ယွင်းခြင်းကို ဟန့်တားပေးနိုင်ပြီး Alzheimer’s ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးမှုများတာတွေကို သက်သာစေဖို့အတွက် ချောကလက်ကို စားသုံးပေးလို့ရပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ flavanols က စိတ်ခံစားချက်တွေကို ကောင်းမွန်စေနိုင်တဲ့အတွက် စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

ဒါပေမယ့် ချောကလက်အမျိုးအစားတိုင်းက ကျွန်တော်တို့ရဲ့ ဦးနှောက်ကိုကောင်းမွန်စေတာ မဟုတ်ပါဘူး။ လမ်းထိပ်ကစတိုးဆိုင်ကိုသွားပြီး တစ်ပတ်တစ်ခါ ချောကလက်ဝယ်စားရုံနဲ့ အပေါ်ကအကျိုးကျေးဇူးတွေ ရနိုင်မှာ မဟုတ်ပါဘူး။ အရည်အသွေးကောင်းတဲ့ ချောကလက်အမျိုးအစားကို စားသုံးမှသာ ချောကလက်ကရတဲ့အကျိုးကျေးဇူးတွေကို အပြည့်အဝရနိုင်မှာဖြစ်ပါတယ်။

ချောကလက်ကနေ အကျိုးကျေးဇူးတွေကို ပြည့်ပြည့်ဝဝရဖို့ဆိုရင် Cocao ပါဝင်မှုပမာဏအနည်းဆုံး (၈၀)% ရှိတဲ့ချောကလက်ကို ရွေးချယ်စားသုံးရပါမယ်။

ဒီနေ့ပြောပြပေးသွားတာကတော့ ဦးနှောက်ကို အကျိုးပြုတဲ့အစားအစာတွေထဲက ချောကလက်အကြောင်းပဲဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ဦးနှောက်စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် အစားအစာတွေစားဖြစ်ကြရဲ့လား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published.