သီချင်းတွေ၊ ဂီတသံစဉ်တွေကို နားထောင်တာက လူရဲ့စိတ်ကို ရွှင်လန်းချမ်းမြေ့စေတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့် ဂီတသံစဉ်တွေက ကျွန်တော်တို့ရဲ့စိတ်အာရုံကို အကျိုးပြုရုံသာမကပဲ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကိုပါ အကျိုးပြုပါတယ်။

ဂီတသံစဉ်တွေကို နားထောင်တဲ့အခါမှာ ဦးနှောက်က Dopamine ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ Dopamine က ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေထဲက တစ်မျိုးဖြစ်ပြီး စိတ်ကြည်လင်ချမ်းမြေ့ခြင်း/ ရွှင်လန်းတက်ကြွခြင်းကို ဖြစ်စေပါတယ်။ ဒါ့ပြင် သီချင်းသံစဉ်တွေကနေ ထွက်လာတဲ့အသံလှိုင်းတွေက ဦးနှောက်ကို သွားရောက်လှုံဆော်နိုင်ပါသေးတယ်။

သီချင်းနားထောင်တာက တစ်ခါတစ်လေမှာ ဆေးသောက်တာထက်တောင်ပိုပြီး အစွမ်းထက်ပါသေးတယ်။ လေ့လာမှုတွေအရ လူနာတစ်ချို့ကို ခွဲစိတ်ခန်းထဲဝင်ခါနီးမှာ စိုးရိမ်မှုလျော့ကျအောင် ဆေးတိုက်တာထက် သီချင်းနားထောင်ခိုင်းတာက ပိုပြီးထိရောက်မှုရှိတယ်ဆိုတာ တွေ့ရပါတယ်။

ဒါ့ပြင် အတန်းချိန်တစ်ခုနဲ့တစ်ခုကြား ဒါမှမဟုတ် စာလေ့လာပြီး နားနေချိန်မှာ သီချင်း/ဂီတနားထောင်တာက အာရုံစိုက်နိုင်စွမ်းကိုတိုးတက်စေပြီး ပညာသင်ကြားလေ့လာရာမှာ အထောက်အကူပြုတယ်ဆိုတာကို လေ့လာချက်တွေအရ တွေ့ရှိရပါတယ်။

ဒါပေမယ့် တစ်ချို့ကလည်း သီချင်းနားထောင်တာက အလုပ်လုပ်တာ/လေ့လာတာကို အနှောက်အယှက်ဖြစ်စေတယ်လို့ ဆိုကြပြန်ပါတယ်။ သီချင်းသံကြောင့် အာရုံပျံ့လွန့်ပြီး အလုပ်မပြီးတာမျိုးဖြစ်တယ်လို့ ပြောကြပါတယ်။

ဒါကတော့ လူတစ်မျိုးမျိုးနဲ့တစ်မျိုး မတူညီပါဘူး။ တစ်ချို့က တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ အလုပ်လုပ်ရတာနှစ်သက်တာရှိမယ်။ တစ်ချို့က ဆူညံနေတဲ့နေရာမှာတောင် ပုံမှန်အတိုင်းအလုပ်လုပ်နိုင်တာလည်းရှိပါတယ်။ တစ်ချို့ကတော့ သီချင်းလေးဖွင့်ထားပြီး အလုပ်လုပ်ရတာ နှစ်သက်တဲ့သူလည်း ရှိကြပါတယ်။

သီချင်းလေးဖွင့်ပြီး အလုပ်လုပ်တတ်တဲ့သူတွေအတွက် သိထားဖို့လိုတဲ့အချက်လေးတွေပြောပြပေးချင်ပါတယ်။

– မြူးကြွတဲ့သံစဉ်ပါတဲ့ သီချင်းမျိုးဖွင့်ပါ။

– အလွမ်းအဆွေးသီချင်းတွေကို အလုပ်လုပ်ချိန်မှာ မဖွင့်သင့်ပါဘူး။

– အာရုံစူးစိုက်ပြီး လုပ်ဖို့လိုအပ်ရင် နားချိန်မှာပဲ သီချင်းဖွင့်ပါ။

– သီချင်းသံအကျယ်ကြီးဖွင့်မယ့်အစား ကိုယ်ကြားလောက်ရုံပဲ ဖွင့်ပါ။

– ကိုယ်နားမလည်တဲ့ဘာသာစကားနဲ့ဆိုတဲ့ သီချင်းမျိုးကိုဖွင့်ပါ( မဟုတ်ရင် လိုက်ဆိုတာနဲ့အလုပ်မပြီးပဲဖြစ်တတ်ပါတယ်😂)

ကိုယ်အလုပ်လုပ်နေရတဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး သီချင်းနားထောင်တာမျိုးလုပ်လို့ရပါတယ် ။ ကိုယ့်ရဲ့ စိတ်အခြေအနေမကောင်းလို့ ဘာမှလုပ်ချင်စိတ်မရှိရင် (စိတ်ညစ်တာ) မြူးကြွတဲ့သီချင်းလေးနားထောင်လိုက်တဲ့အခါမှာ စိတ်ဓာတ်ပြန်တက်ကြွလာပြီး အလုပ်လုပ်ရတာ အဆင်ပြေလာပါလိမ့်မယ်။

တစ်ချို့လူတွေရဲ့အလုပ်က repetitive tasks တွေပဲ ဆက်တိုက်လုပ်ဆောင်နေရတာမျိုးဆို သီချင်းသံစဉ်လေးနဲ့ အလုပ်လုပ်တာက ငြီးငွေ့စရာကောင်းတဲ့အခြေအနေကို ကျော်လွှားနိုင်ပါလိမ့်မယ်။

မိတ်ဆွေတို့ရော အလုပ်လုပ်နေတဲ့အချိန်မှာ သီချင်းနားထောင်ရတာ နှစ်သက်ကြလား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *