ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်၊ အတွေးနဲ့ အပြုအမူတွေက ဦးနှောက်ထဲမှာရှိတဲ့ ဆဲလ် (neurons) လေးတွေကို အချင်းချင်းဆက်သွယ်စေပါတယ်။ အဲသလိုဆက်သွယ်တဲ့နေရာမှာ လျှပ်စစ်တွေက ဆဲလ်တစ်ခုကနေတစ်ခုကို ကူးစေတဲ့နည်းနဲ့ (electrical signal) ဆက်သွယ်ရတဲ့အတွက် ဦးနှောက်ထဲမှာ လှိုင်း( Brain waves) တွေဖြစ်ပေါ်လာပါတယ်။ ဦးနှောက်လှိုင်းတွေကို (Hz) နဲ့ တိုင်းတာပြီး ကျွန်တော်တို့ရဲ့ အတွေးနဲ့ အပြုအမူအပေါ်မူတည်ပြီး ဦးနှောက်လှိုင်း (၅) မျိုးကွဲပြားသွားပါတယ်။ အဲဒါတွေကတော့ Alpha, Beta, Delta, Gamma, Theta တို့ပဲဖြစ်ပါတယ်။ အရင်အပတ်တုန်းက ဦးနှောက်ထဲမှာ ဖြစ်ပေါ်နေတဲ့ brain waves (၅)ခုအကြောင်းကို အကျဉ်းချုပ်ပြောပြပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ဦးနှောက်လှိုင်း(၅)ခုထဲက တစ်ခုဖြစ်တဲ့ Alpha waves အကြောင်းပြောပြပေးချင်ပါတယ်။
Alpha waves ကတော့ ကြိမ်နှုန်း ( 8-12 Hz) အတွင်းမှာရှိပါတယ်။ စိတ်ဖိစီးမှုနည်းပြီး စိတ်ငြိမ်သက်နေတဲ့အချိန်မှာ ပေါ်လာပါတယ်။ တရားထိုင်နေတဲ့အချိန်မှာလည်း ဦးနှောက်က Alpha waves တွေထုတ်ပေးပါတယ်။ Alpha waves တွေဖြစ်ပေါ်နေတဲ့အချိန်က စိတ်တည်ငြိမ်အေးချမ်းနေတဲ့ အချိန်ဖြစ်တဲ့ အတွက် တီထွင်ဖန်တီးနိုင်စွမ်းနဲ့ လေ့လာသင်ယူမှုတွေအတွက် အရေးပါ,ပါတယ်။
လေ့လာချက်တွေအရ ကျွန်တော်တို့ရဲ့ ဦးနှောက်က Alpha waves ဖြစ်ပေါ်နေတဲ့အချိန်မှာ ပိုပြီးလေ့လာနိုင်စွမ်းကောင်းသလို တီထွင်ဖန်တီးနိုင်စွမ်း (creativity) လည်း တိုးတက်လာတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒီတော့ တစ်ခုခုလေ့လာတော့မယ်ဆိုရင် ဦးနှောက်ကို Alpha waves ပြောင်းထုတ်ခိုင်းတာက အကူအညီဖြစ်စေမှာပါ။ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ Alpha waves ဖြစ်ပေါ်လာဖို့အတွက် အခုနောက်ပိုင်းမှာ နည်းလမ်းတစ်ချို့ရှာဖွေတွေ့ရှိလာပါပြီ။
Alpha waves တွေကို ဖြစ်ပေါ်စေနိုင်တဲ့ နည်းလမ်းတွေကတော့
(၁) Binaural Beats
Alpha waves တွေဖြစ်ပေါ် လာဖို့အတွက် Binaural Beats လို music တစ်မျိုးရဲ့ အကူအညီရယူနိုင်ပါတယ်။ ဒီ music ရဲ့ သဘောက Alpha waves ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ရဲ့ နားနှစ်ဖက်မှာ မတူညီတဲ့ frequency တွေကို ထုတ်လွှင့်ပေးတာပါ။ ဥပမာ- ညာဘက်နားမှာ 100Hz ရှိတဲ့ သံစဉ်နဲ့ ဘယ်ဘက်နားမှာ 108Hz ရှိတဲ့ Tone ဖွင့်မယ်ဆိုရင် ကြားထဲက ကွာဟချက်က 8Hz ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ Alpha waves ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ ( ဒီလို Binural Beats မျိုးနားထောင်မယ်ဆိုရင် နားကျပ်တပ် နားထောင်ဖို့တော့ လိုပါတယ်။)
Binaural beats ကို အောက်ပါ link မှာနားထောင်နိုင်ပါတယ်။
(၂) တရားထိုင်ခြင်း
တရားထိုင်နေတဲ့အချိန်မှာဆိုရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ကထုတ်လွှင့်တဲ့လှိုင်းတွေရဲ့ ကြိမ်နှုန်းနှေးသွားပြီး Beta waves ကနေ Alpha waves ကို ပြောင်းပြီးဖြစ်ပေါ်ပါတယ်။ ဦးနှောက်က Alpha waves တွေဖြစ်ပေါ်တာနဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို ခံစားရမှာပါ။ နောက်ပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်တာကလည်း Alpha waves တွေပိုထုတ်နိုင်မယ့်နည်းလမ်းပါ။
(၃) လေ့ကျင့်ခန်းလုပ်ခြင်း
ထူးဆန်းတဲ့အချက်က လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာကလည်း Alpha waves တွေ ပိုထုတ်နိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာ Endorphin ဟော်မုန်းတွေနဲ့အတူ Alpha waves တွေပါထွက်လာပါတယ်။
ဒါ့ပြင် အခုခေတ်ကနည်းပညာတိုးတက်လာတဲ့အလျောက် နည်းပညာရဲ့ အကူအညီကိုယူပြီး Alpha waves တွေဖြစ်ပေါ်လာမယ့် နည်းလမ်းတွေပေါ်လာပါပြီ။ အခုဆိုရင် မိတ်ဆွေတို့ အနေနဲ့ Alpha waves ရဲ့ အရေးပါပုံနဲ့ Alpha waves ဖြစ်ပေါ်လာနိုင်မယ့် နည်းလမ်းကိုသိသွားမယ်လို့ထင်ပါတယ်။ နောက်ရက်တွေမှာလည်း တခြားကျန်ရှိနေတဲ့ ဦးနှောက်လှိုင်း(Brain waves) တွေအကြောင်းပြောပြပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးကြပါဦး။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta