စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တဲ့ Elon Musk ရဲ့ နည်းဗျူဟာများ

—————————————————————————

စွန့်ဦးတီထွင်ဆိုတာ အပြောင်းအလဲတစ်ခုကို စိန်ခေါ်ခဲ့တဲ့သူ အသစ်တစ်ခုခုကို တီထွင်နိုင်ခဲ့ပြီး မမျှော်လင့်ထားတဲ့ နည်းလမ်းတစ်ခုကနေ ဖန်တီးပြနိုင်ခဲ့သူမျိုးပါ။ 

ဒီလိုမျိုး သူများနဲ့ မတူတဲ့ အရာကို လုပ်ပြနိုင်ခဲ့လို့သာ စွန့်ဦးတီထွင်ဖြစ်နေရတာပေါ့။ ဒီထဲကမှ ဘယ်သူမှ ထင်မှတ်မထားတဲ့ အရာတွေကို လုပ်ပြနိုင်တဲ့ စွန့်ဦးတီထွင်တစ်ယောက်ဆိုရင် Tesla နဲ့ Space X တို့ရဲ့ CEO Elon Musk က ထိပ်ဆုံးကပဲ ဖြစ်ပါလိမ့်မယ်။

Elon Musk က ဘယ်သူပါလဲ? စွန့်ဦးတီထွင်တစ်ယောက်လား? အောင်မြင်လာခဲ့တဲ့ အံ့ဖွယ်တစ်ခုပဲလား? Twitter မှာ Troll နေတဲ့သူတစ်ယောက်လား? ကမ္ဘာ့အချမ်းသာဆုံး လူတွေထဲက တစ်ယောက်ပဲလား? 

ဒီလို တံဆိပ်တွေထက် လွှမ်းမိုးမှုအရှိဆုံး လူတစ်ယောက်ဆိုရင် သူ့အတွက် ပိုပြီး မှန်ကန်ပါလိမ့်မယ်။ သမားရိုးကျ စည်းမျဥ်းတွေကို မလိုက်နာဘဲ ချိုးဖောက်ခဲ့တဲ့သူတစ်ယောက်ပေါ့။ 

ဒီနေ့မှာတော့ သူ့ရဲ့ ‌အောင်မြင်မှုတွေထဲက စည်းမျဥ်းတွေကို ချိုးဖောက်ပြီး တည်ဆောက်လာခဲ့တဲ့ နည်းဗျူဟာတွေကို ပြောပြပေးသွားမှာပါ။

✅ ဗျူဟာ ၁။ ။ မီးလောင်ရာ လေပင့်ပါ။

Silicon Valley တိုးတက်လာတာနဲ့အမျှ လူထုစိတ်ဝင်စားမှုကလဲ မြင့်တက်လာတဲ့အချိန်မှာ Musk က သူ့ရဲ့ အောင်မြင်မှုကို ကင်မရာတွေအောက်မှာ ချပြခဲ့ပါတယ်။ သူ့ရဲ့ ‌ဒေါ်လာ တစ်သန်းတန် McLaren F1 Sports ကားကို မှာယူခဲ့တဲ့ သက်သေအတွက် CNN ကို ဖိတ်ခေါ်ခဲ့တာပါ။ 

လူထုအနေနဲ့ Silicon Valley နဲ့ VC Money တို့ရဲ့ အတွင်းပိုင်း အလုပ်လုပ်ပုံတွေကို နားလည်ဖို့ခက်ခဲနေကြသေးပေမဲ့ Musk ကတော့ သူ့ကို မှတ်မိနိုင်‌လောက်တဲ့ ပုံရိပ်တစ်ခုကို ချက်ချင်းချပြခဲ့ပါတယ်။ 

မီဒီယာက အောင်မြင်တဲ့ သတင်းတစ်ခုကို လိုချင်နေတဲ့အချိန်မှာ အင်တာဗျူးတစ်ခု လုပ်ပေးခဲ့ပါသေးတယ်။ သင်က စွန့်ဦးတီထွင်တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် ရှုပ်ထွေးနေတဲ့ နယ်ပယ်တစ်ခုကဆိုရင် ခေတ်ရေစီးကြောင်းထဲ ဘယ်လိုမျိုး ဝင်ရောက်ရမလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။

✅ ဗျူဟာ ၂။ ။ ကိုယ့်ရဲ့ စီးပွားရေးကို ကိုယ်နဲ့ တစ်သားတည်းဖြစ်နေပါစေ။

သမားရိုးကျ အသိတွေအရဆိုရင် ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားဖို့ပဲ အကြံပေးကြမှာပါပဲ။ ဒါပေမဲ့ Musk ရဲ့ အပြင်ဘက် နေထိုင်ပုံကတော့ သူ့ကို Tesla, SpaceX တို့နဲ့ ခွဲခြားလို့ မရပါဘူး။ 

Zip2 မှာဆိုရင် ရင်းနှီးမြှုပ်နှံတဲ့သူတွေက သူ့ထက်ပိုပြီး အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်ဖြစ်တဲ့ Richard Sorkin ကို ခန့်အပ်ခဲ့ကြပါတယ်။ ဒုတိယ ကုမ္ပဏီဖြစ်တဲ့ X(.)com ကနေ Paypal ဖြစ်လာတဲ့အခါမှာလဲ CEO ရာထူးကနေ ဖြုတ်ချခံခဲ့ရပါတယ်။

လူတိုင်းကို အစားထိုးလို့ရပါတယ်။ ဒါကြောင့် Musk အနေနဲ့ Tesla နဲ့ SpaceX မှာ သူ့ရဲ့ တစ်ကိုယ်ရည် ရည်မှန်းချက်တွေနဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေကို ပေါင်းစပ်ပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ကို ချိတ်ဆက်ကာ သူ့ရဲ့ နေရာကို တည်မြဲစေခဲ့ပါတယ်။ 

✅ ဗျူဟာ ၃။ ။ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေထားပါ။

အကျိုးအမြတ်ရရှိနိုင်တဲ့ ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းတွေကို အာရုံစိုက်ဖို့ထက် Musk က “သူမသေခင် လူသားတွေကို မားစ်ဂြိုလ်ပေါ် အရောက်ပို့မယ်” လိုမျိုး မဖြစ်နိုင်တဲ့ အရာတွေကို ကမ္ဘာကြီးကို ချပြခဲ့ပါတယ်။ လူတွေကလဲ မဖြစ်နိုင်တာတွေကြားထဲက ‌အောင်မြင်လာတာမျိုးကို သဘောကျကြပါတယ်။

စွန့်ဦးတီထွင်တစ်ယောက်အတွက် ရည်မှန်းချက်ဆိုတာ ငွေကြေးပိုင်း လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွေထက် ပိုပါတယ်။ ကိုယ့်ရဲ့ လုပ်အားကို မြှင့်တင်ပေးနိုင်စွမ်းရှိတဲ့၊ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့၊ Customer တွေကို စိတ်ဝင်စားစေပြီး ချိတ်ဆက်ပေးနိုင်မယ့် ရည်မှန်းချက်မျိုးကို ချမှတ်ရပါမယ်။

✅ ဗျူဟာ ၄။ ။ လမ်းကြောင်းတွေကို လျစ်လျူရှုထားပါ။

စွန့်ဦးတီထွင်တွေသိထားကြတာက အောင်မြင်ဖို့သော့ချက်က ကိုယ့်ရဲ့ ရည်မှန်းချက်တွေအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားဖို့ လိုတယ်ဆိုတာပါ။ Musk ကတော့ ရုံးက ခုံပေါ်မှာ အိပ်ရတဲ့အထိ သူ့မှာ လုပ်နေတဲ့ အရာတွေများလွန်းနေပေမဲ့ လူထုရဲ့ အာရုံကို ရဖို့အတွက်ဆိုရင် သူ့မှာ အမြဲတမ်း အချိန်ရှိပါတယ်။

သူ့ကို Iron Man 2 မှာ Tony Stark နဲ့ အတူတွေ့ရသလို၊ South Park နဲ့ The Simpsons တို့မှာ The Big Bang Theory တို့မှာ စသဖြင့် ဖန်သားပြင်ပေါ်ကို ခဏခဏ ရောက်လာလေ့ရှိပါတယ်။ လူသားမျိုးနွယ်ကို တိုးတက်အောင် လုပ်နေတဲ့ လူတစ်ယောက်အနေနဲ့ Musk က သူ့ရဲ့ ပုံရိပ်ကို တည်ဆောက်ဖို့အတွက်လဲ သူ့ရဲ့ အချိန်ကို သုံးပါတယ်။

ကုမ္ပဏီတစ်ခုကို ဦးဆောင်နေတဲ့လူတစ်ယောက်အတွက် သင့်ရဲ့ တာဝန်က လုပ်ဆောင်မှုတွေကို အစီအစဥ်ကျအောင် ထိန်းသိမ်းရတာထက် ပိုပါတယ်။ ကိုယ့်ရဲ့ ကုမ္ပဏီကို လူထုစိတ်ဝင်စားမှုအောက်ကို ရောက်စေနိုင်တဲ့ မမျှော်လင့်ထားတဲ့ လုပ်ရပ်တွေကိုလဲ လုပ်ဖို့လိုပါတယ်။ ဒါတွေက သင့်ကို ပိုပြီး ကြီးမားတဲ့ အခွင့်အရေးတွေ ပေးပါလိမ့်မယ်။

✅ ဗျူဟာ ၅။ ။ စိတ်ထဲမှာ ရှိတာကို လုပ်ပါ။

Musk ရဲ့ စတန့်တွေထဲမှာ သူ့ရဲ့ သားကို X Æ A-Xii သူ့ရဲ့ သမီးကို Exa Dark Sideræl ဆိုပြီး နာမည်မှည့်ခဲ့တာတွေလဲ ပါပါတယ်။ သူ့အနေနဲ့ Twitter ကို ကိုယ်ပိုင် ကစားကွင်းတစ်ခုလို အသုံးပြုပြီး စာလုံးအနည်းငယ်လေးနဲ့ သူ့လုပ်ငန်းရော၊ တခြားလုပ်ငန်းတွေရောရဲ့  Stock စျေးနှုန်းတွေကို လွှမ်းမိုးနိုင်ပါတယ်။ 

သူ့ရဲ့ Tweets တွေက Baby Yoda Meme တွေကနေ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စကားလက်ဆုံပြောတာတွေထိ၊ Tesla, SpaceX တို့ရဲ့ အရေးကြီးတဲ့ သတင်းတွေ ကြေငြာတဲ့အထိ ပါဝင်ပါတယ်။ သူ့ကို ဘယ်သူမှ သွားပြီး ကန့်သတ်လို့မရပါဘူး။

စွန့်ဦးတီထွင်တစ်‌ယောက်အတွက် ကိုယ်လုပ်သမျှအရာတိုင်းက ကိုယ့်လုပ်ငန်းနဲ့ ကိုယ်ကိုယ်တိုင်ကို တန်ပြန်သက်ရောက်မှုရှိပါတယ်။ Musk ရဲ့ Memes တွေက သူ့ဖောက်သည်တွေနဲ့ တစ်သားတည်းရှိနေတာကို ဖော်ပြပါတယ်။ ယူကရိန်းအတွက် အထောက်အပံ့တွေပေးတဲ့အခါ သူ့ရဲ့ ရည်မှန်းချက်တွေရဲ့ အလားအလာကို ဖော်ပြနေပါတယ်။ လုပ်ငန်းရဲ့ နောက်ဆုံးအခြေအနေတွေကို update လုပ်တဲ့အခါမှာ လူထုနဲ့ သူ့ဝန်ထမ်းတွေကို သူလုပ်နေတဲ့အရာတွေ အကြောင်းပြောပြပါတယ်။

နယ်ပယ်ပေါင်းစုံမှာ ကျပန်းတည်ရှိနေတာကလဲ ပိုပြီး ကြီးမားတဲ့ မီဒီယာ နည်းဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကိုယ်ပေးချင်တဲ့ ပုံရိပ်ကို သေချာသိပြီဆိုရင်တော့ အလိုက်သင့် ချိတ်ဆက်သင့်ပါတယ်။

ဒါကြောင့် စွန့်ဦးတီထွင်တစ်ယောက်အနေနဲ့ ဖြစ်လာပြီဆိုရင်တော့ ယခင် သမားရိုးကျ စည်းမျဥ်းတွေကို လိုက်နာဖို့တော့မလိုပါဘူး။ ကိုယ့်ရဲ့ နောက်ဆုံး ရည်မှန်းချက်ကို သိပြီး အဲ့အပေါ်မူတည်ကာ ကိုယ့်ရဲ့ ပုံရိပ်ကို တည်ဆောက်သင့်ပါတယ်။ အဲ့နေရာမှာ ဘယ်လို စည်းမျဥ်းတွေကို ချိုးဖောက်ရမလဲ? ဘယ်လို စည်းမျဥ်းတွေကို ကိုယ့်စိတ်ကြိုက် ပြုပြင်နိုင်မလဲ? ဆိုတာတွေကို ဆုံးဖြတ်နိုင်ပါတယ်။

စွန့်ဦးတီထွင်တွေအနေနဲ့ မတူညီတဲ့ နည်းလမ်းတွေကို တီထွင်ကြပေမဲ့၊ မတူညီတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့ကြပေမဲ့ အကုန်လုံးမှာ တူညီတဲ့တစ်ချက်တော့ ရှိပါတယ်။ ဒါကတော့ စာဖတ်ခြင်းပါ။ ဒါကြောင့် ဘယ်လို စွန့်ဦးတီထွင်ပဲ ဖြစ်ဖြစ် နေ့စဥ် စာဖတ်ဖို့အတွက် လိုအပ်ပါတယ်။

#DreamLab

နေ့စဥ် စာတစ်အုပ်ဖတ်ပါ။

Leave a Reply

Your email address will not be published.