ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်၊ အတွေးနဲ့ အပြုအမူတွေက ဦးနှောက်ထဲမှာရှိတဲ့ ဆဲလ် (neurons) လေးတွေကို အချင်းချင်းဆက်သွယ်စေပါတယ်။ အဲသလိုဆက်သွယ်တဲ့နေရာမှာ လျှပ်စစ်တွေက ဆဲလ်တစ်ခုကနေတစ်ခုကို ကူးစေတဲ့နည်းနဲ့ (electrical signal) ဆက်သွယ်ရတဲ့အတွက် ဦးနှောက်ထဲမှာ လှိုင်း( Brain waves) တွေဖြစ်ပေါ်လာပါတယ်။ ဦးနှောက်လှိုင်းတွေကို (Hz) နဲ့ တိုင်းတာပြီး ကျွန်တော်တို့ရဲ့ အတွေးနဲ့ အပြုအမူအပေါ်မူတည်ပြီး ဦးနှောက်လှိုင်း (၅) မျိုးကွဲပြားသွားပါတယ်။ အဲဒါတွေကတော့ Alpha, Beta, Delta, Gamma, Theta တို့ပဲဖြစ်ပါတယ်။ အရင်အပတ်က Alpha waves အကြောင်းပြောပြခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါ Gamma Waves အကြောင်းကိုပြောကြရအောင်။

Gamma waves ကကြိမ်နှုန်း (35Hz) အထက်မှာရှိပြီး ဦးနှောက်လှိုင်းအားလုံးထဲမှာအမြန်ဆုံးလှိုင်းတစ်ခုဖြစ်ပါတယ်။ အာရုံစူးစိုက်မှု အကောင်းဆုံးအချိန်မှာ ဦးနှောက်ကနေ Gamma waves ကို ထုတ်ပေးပါတယ်။ ကျွန်တော်တို့ သင်္ချာပုစ္ဆာဖြေရှင်းဖို့အတွက် (၁၀၀%) စိတ်ပါဝင်စားမှုအပြည့်ဆုံးအချိန်မှာ၊ ဆရာရဲ့ သင်ခန်းစာပို့ချချက်မှာ အာရုံစူးစိုက်မှုအပြည့်ဖြစ်နေချိန်မှာ Gamma waves တွေပေါ်လာပါတယ်။

ဒါပေမယ့် ဦးနှောက်ကနေထုတ်တဲ့ Gamma Waves ပမာဏအပေါ်မူတည်ပြီး သက်ရောက်မှုကွဲပြားနိုင်ပါတယ်။ Gamma waves ကြိမ်နှုန်း (frequency) မြင့်တဲ့အချိန်မှာ အာရုံစူးစိုက်မှုပိုအားကောင်းပြီး ဉာဏ်ပိုကောင်း(IQ) ပိုကောင်းတယ်လို့လေ့လာမှုအရတွေ့ရှိရပါတယ်။ ဒါ့ပြင် Gamma waves ကြိမ်နှုန်းမြင့်တာက စွမ်းဆောင်ရည်ပိုကောင်းတာ(Peak Performance)နဲ့ ဆက်စပ်နေပါတယ်။ နယ်ပယ်အသီးသီးက ထိပ်တန်းရောက်ပြီးအောင်မြင်နေသူတွေဟာ သာမန်လူတွေထက် Gamma waves ပမာဏပိုများကြပါတယ်။

Gamma waves ကနေရရှိတဲ့ အကျိုး‌ကျေးဇူးတွေကတော့

– မှတ်ဉာဏ်ပိုကောင်းလာခြင်း

– အာရုံခံနိုင်စွမ်းပိုကောင်းလာခြင်း(အရသာခံနိုင်စွမ်း၊ အမြင်အာရုံ၊ အကြားအာရုံ)

– အာရုံစိုက်နိုင်စွမ်းမြင့်မားလာခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

ဒါပေမယ့် Gamma waves ကြိမ်နှုန်း (frequency) နိမ့်တယ်ဆိုရင် သင်ယူမှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာအချို့ကြုံတွေ့ ရနိုင်ပါတယ်။ အာရုံစူးစိုက်လို့ မရပဲ သင်ယူရခက်တာမျိုး၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ချို့လည်းကြုံတွေ့ရနိုင်ပါတယ်။

ဒီတော့ gamma waves က ကျွန်တော်တို့ရဲ့ သင်ယူမှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ အရေးပါတယ်ဆိုတာ သိသွားလောက်ပါပြီ။ ဦးနှောက်ကနေ Gamma waves တွေပိုထုတ်တာက ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုပိုကောင်းလာပြီး အလုပ်ပိုပြီးမြောက်ဖို့ ကူညီပေးနိုင်ပါတယ်။

Gamma waves ကိုမြှင့်တင်နိုင်မယ့် နည်းလမ်းတွေထဲမှာတစ်ခုကတော့ ကိုယ်နှစ်သက်တဲ့အလုပ်ကို လုပ်တာပဲဖြစ်ပါတယ်။ ထိပ်တန်းရောက်ပြီး အောင်မြင်နေတဲ့သူတွေမှာ Gamma waves ကြိမ်နှုန်းမြင့်နေရတဲ့အကြောင်းက သူတို့လုပ်နေတဲ့အလုပ်မှာ ပျော်ရွှင်နေလို့ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ မေတ္တာနဲ့ကရုဏာကို (compassion and love) အသုံးပြုပြီး တရားထိုင်တာပဲဖြစ်ပါတယ်။ မြေပဲဆံလို အစေ့အဆံတစ်ချို့စားသုံးတာကလည်း Gamma waves ကိုမြှင့်တင်နိုင်တယ်လို့ဆိုပါတယ်။

ဒီနေ့ပြောပြပေးသွားတာကတော့ ဦးနှောက်လှိုင်းတွေထဲကမှ စွမ်းဆောင်ရည်တိုးတက်ဖို့အရေးပါတဲ့ Gamma Brain Waves အကြောင်းပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရော ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ဘာလုပ်ဖြစ်ကြလဲ?

Commentမှာ ဝင်ရောက်ပြောပြပေးလို့ရပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published.