“အစကောင်းမှ အနှောင်းသေချာ ” ဆိုတဲ့ စကားပုံအတိုင်းပဲ နေ့တစ်နေ့ကို အကောင်းဆုံးစတင်မှသာ တစ်နေ့တာရဲ့နောက်ပိုင်းအချိန်တွေကို အဆင်ပြေချောမွေ့စွာနဲ့ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့တစ်နေ့တာကို ဘယ်လိုမျိုးစတင်လေ့ရှိကြလဲ?

အများစုကတော့ မနက်အိပ်ရာနိုးနိုးချင်းဖုန်းကိုင်ဖြစ်ကြမယ်ထင်ပါတယ်။ မနက်အိပ်ရာထမှာ ဖုန်းအသုံးပြုတာက တစ်နေ့တာကိုစတင်ဖို့အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။ တကယ်တော့ မနက်အိပ်ရာထထချင်းမှာ ရေတစ်ခွက်သောက်သုံးခြင်းနဲ့ ကိုယ့်ရံ့တနေ့တာကိုစတင်သင့်တာပါ။

မနက်အိပ်ရာနိုးနိုးချင်းရေသောက်ဖို့ ဘာလို့လိုအပ်တာလဲ?

လူ့ခန္ဓာကိုယ်ရဲ့ (၆၀%) က ရေဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး ရေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို လှည့်ပတ်စီးဆင်းနေတဲ့သွေးကိုလည်း ရေဓာတ် ၉၀% နဲ့ ဖွဲ့စည်းထားတာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်မရှိပဲနဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့စွမ်းအင်ကိုရရှိနိင်မှာမဟုတ်ပါဘူး။ ဒါ့ပြင် ချွေးထွက်တဲ့အခါ၊ အသက်ရှုတဲ့အခါနဲ့ လှုပ်ရှားမှုပြုလုပ်တဲ့အခါမှာ ရေဓာတ်ဆုံးရှုံးမှုကိုကြုံရပါတယ်။ ခန္ဓာကိုယ်အလေးချိန်ရဲ့ (၁%) ရှိတဲ့ ရေဓာတ်ကိုပဲဆုံးရှံးမယ်ဆိုရင်တောင် ခေါင်းကိုက်လာမယ်၊ မူးဝေလာမယ်၊ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားလာရမှာပါ။

ကျွန်တော်တို့ ညဘက်အိပ်စက်တဲ့အခါမှာတောင်ရေဓာတ်ဆုံးရှုံးမှုကို ကြုံတွေ့နေရတာပါ။ တစ်ညတာအိပ်စက်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ ရေအလေးချိန်တစ်ပေါင်လောက် ဆုံးရှုံးတယ်လို့ လေ့လာချက်တွေအရ တွေ့ရပါတယ်။ ဒါကြောင့် မနက်အိပ်ရာထတဲ့အခါမှာဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ မနက်အိပ်ရာထတဲ့အခါမှာ လန်းဆန်းဖို့၊ စိတ်ကြည်ဖို့အချိန်တစ်ခုပေးရပါတယ်။ အဲဒီအချိန်မှာ ရေသောက်လိုက်ခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်ပြီးသားဖြစ်တဲ့အပြင် ခန္ဓာကိုယ်ရော စိတ်ကိုပါ ပြန်လည်လန်းဆန်းစေမှာဖြစ်ပါတယ်။

အကောင်းဆုံးကတော့ အိပ်ရာထထချင်းမှာ ရေဖန်ခွက်တစ်ခွက်လောက် သောက်သုံးသင့်ပါတယ်။ ဒါ့ပြင် ရေချည်းပဲမဟုတ်ပဲ သံပုရာသီး/ရှောက်သီးနည်းနည်းနဲ့ ဆားနည်းနည်းထည့်ပြီးသောက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အကျိုးအများဆုံးဖြစ်မှာပါ။ ရေတစ်ခွက်မှာ ဆားအနည်းငယ်( ၃ ဂရမ်) လောက်ထည့်၊ သံပုရာသီးတစ်စိတ်လောက်ထည့်ပြီး သောက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက်ရေဓာတ်သာမက တခြားလိုအပ်တဲ့သတ္တုဓာတ်တွေကိုလည်းဖြည့်တင်းပြီးသားဖြစ်သွားပါတယ်။

အခုဆိုရင် မိတ်ဆွေတို့အနေနဲ့ မနက်အိပ်ရာနိုးနိုးချင်းရေသောက်ဖို့ လိုအပ်တဲ့အကြောင်းကို သိသွားမယ်လို့ထင်ပါတယ်။ အခုချိန်မှာအိပ်ရာကနေနိုးနေတဲ့ မိတ်ဆွေတို့လည်း ရေတစ်ခွက်ကိုချက်ချင်းထသောက်လိုက်တော့နော်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published.