ခန္ဓာကိုယ်ကျန်းမာစေဖို့ မသင့်တာတွေရှောင်၊ သင့်တာတွေစားပေးရသလို ကိုယ်လက်လေ့ကျင့်ခန်းလည်း လုပ်ပေးရပါတယ်။ တရားထိုင်တယ်ဆိုတာကလည်း စိတ်ကိုငြိမ်းအေးစေတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် စိတ်ရော ကိုယ်ပါ ငြိမ်းအေးအောင် ပြုလုပ်ပေးနိုင်ပါတယ်။
တရားထိုင်နည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ တင်ပလ္လင်ခွေထိုင်ပြီး တရားမှတ်တာ၊ လမ်းလျှောက်(စင်္ကြန်လျှောက်)ပြီး ကျင့်တာ၊ လဲလျောင်းရင်းဝင်လေထွက်လေမှတ်တာ စတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။
တရားထိုင်မယ်ဆိုရင် တိတ်ဆိတ်ငြိမ်သက်ပြီး ဆူညံသံကင်းမယ့်နေရာကို ရွေးချယ်သင့်ပါတယ်။ ပြီးရင်တော့ ကုလားထိုင်ပေါ်မှာပဲ ဖြစ်ဖြစ် ကြမ်းပြင်ပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ်အဆင်ပြေမယ့်နေရာမှာထိုင်ပြီး စတင်လို့ရတယ်။
တရားထိုင်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ စိတ်ရောကိုယ်ပါကြည်လင်နေတဲ့ မနက်ခင်းလိုအချိန်မျိုး( မနက် ၄ နာရီကနေ ၇ နာရီအတွင်း) က အကောင်းဆုံးပါပဲ။ တနေ့တာရဲ့အလုပ်ကိစ္စတွေမလုပ်ရသေးခင် တရားထိုင်တာက စိတ်တည်ငြိမ်အေးချမ်းစေပြီး အာရုံးစူးစိုက်မှုကိုလည်း ကောင်းစေပါတယ်။
တစ်ချို့ကလည်း အလုပ်ပြီးတဲ့အချိန် ညနေခင်းမှာ တရားထိုင်ကြပါတယ်။ တနေ့တာလုပ်ငန်းခွင်မှာ စိတ်ပင်ပန်းနွမ်းနယ်ခဲ့သမျှကို တရားထိုင်ပြီး ဖြေဖျောက်လိုက်တာကြောင့် ဒီနည်းလမ်းကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။
ဒါပေမယ့် တစ်ချို့သောသူတွေအတွက် မနက်ပိုင်းမှာအဆင်မပြေရင် ညဘက်အနားယူတဲ့အချိန် ဒါမှမဟုတ် ညဘက်မအိပ်ခင်အချိန်တွေမှာလည်း တရားထိုင်လို့ရပါတယ်။
တရားထိုင်ခြင်းကြောင့်
(၁) စိုးရိမ်ပူပန်မှုတွေ လျော့ကျလာပြီး စိတ်ငြိမ်းချမ်းလာမယ်။
(၂) အာရုံစုစည်းမှုကောင်းမွန်လာမယ်။
(၃) စိတ်ကျန်းမာရေးပြဿနာတွေကို သက်သာစေမယ်။
(၄) သွေးတိုးကျစေတယ်။
(၅) ညဘက်မှာ ကောင်းစွာအိပ်ပျော်စေတယ်။
တရားထိုင်တာက ဘာသာမရွေး၊ လူမျိုးမရွေး၊ ကျားမ မရွေး ပြုလုပ်လို့ရပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့စိတ်ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးအောင်ပြုလုပ်တဲ့ ကျင့်စဉ်တစ်ခုဖြစ်တာကြောင့် ပုံမှန်လုပ်ဆောင်ပေးနိုင်ရင် သိသိသာသာထူးခြားလာတာကို ခံစားရမှာပဲဖြစ်ပါတယ်။
မိတ်ဆွေတို့ရော နေ့စဉ်တရားထိုင်ဖြစ်ကြလား?
တရားထိုင်ဖြစ်တယ်ဆိုရင် မနက်လား ညနေလား ဘယ်အချိန်တွေထိုင်ဖြစ်ကြလဲ ပြောပြပေးသွားပါအုံးနော်?
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta