ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်၊ အတွေးနဲ့ အပြုအမူတွေက ဦးနှောက်ထဲမှာရှိတဲ့ ဆဲလ် (neurons) လေးတွေကို အချင်းချင်းဆက်သွယ်စေပါတယ်။ အဲသလိုဆက်သွယ်တဲ့နေရာမှာ လျှပ်စစ်တွေက ဆဲလ်တစ်ခုကနေတစ်ခုကို ကူးစေတဲ့နည်းနဲ့ (electrical signal) ဆက်သွယ်ရတဲ့အတွက် ဦးနှောက်ထဲမှာ လှိုင်း( Brain waves) တွေဖြစ်ပေါ်လာပါတယ်။ ဦးနှောက်လှိုင်းတွေကို (Hz) နဲ့ တိုင်းတာပြီး ကျွန်တော်တို့ရဲ့ အတွေးနဲ့ အပြုအမူအပေါ်မူတည်ပြီး ဦးနှောက်လှိုင်း (၅) မျိုးကွဲပြားသွားပါတယ်။ အဲဒါတွေကတော့ Alpha, Beta, Delta, Gamma, Theta တို့ပဲဖြစ်ပါတယ်။ အရင်အပတ်က Alpha waves နဲ့ Gamma waves အကြောင်းကို ပြောပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှာ ပြောပြပေးသွားမှာကတော့ Theta Brain Waves အကြောင်းပဲဖြစ်ပါတယ်။

Theta waves ကကြိမ်နှုန်း ( ၄ – ၈ Hz) အတွင်းမှာ ရှိပြီးတော့ ဦးနှောက်လှိုင်းတွေအားလုံးထဲမှာ ဒုတိယအနှေးဆုံးဖြစ်ပါတယ်။ Theta waves တွေက ကျွန်တော်တို့အိပ်စက်နေတဲ့အချိန်၊ ဒါမှမဟုတ် အိပ်မက်မက်နေတဲ့အချိန်မှာ ပေါ်လာကြပါတယ်။ ဒါပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်(deepest phases of sleep) မှာတော့ delta waves တွေပေါ်လာပါတယ်။ ကျွန်တော်တို့ အိပ်ပျော်ခါစအချိန် ဒါမှမဟုတ် မနက်ခင်းနိုးခါနီးအချိန်တွေမှာပဲ Theta waves တွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

Theta waves က ပုံမှန်ဆိုရင် ညအိပ်စက်ချိန်မှာပဲ ဖြစ်ပေါ်လာပေမယ့် နေ့ခင်းဘက်အချိန်တွေမှာလည်း ဖြစ်ပေါ်လာနိုင်ပါသေးတယ်။ နေ့ဘက်မှာ Theta waves တွေပေါ်လာပြီဆိုရင်တော့ အဲဒီအချိန်မှာ မောပန်းနွမ်းနယ်တာ၊ ပင်ပန်းသလိုဖြစ်ပြီး အားအင်မရှိတာမျိုးခံစားရတတ်ပါတယ်။ Theta waves တွေက သတင်းအချက်အလက်တွေနဲ့ မှတ်ဉာဏ်တွေသိုမှီးတဲ့‌နေရာမှာ အရေးပါ,ပါတယ်။ Theta waves က စိတ်ကူးယဉ်တဲ့အချိန်၊ အိပ်မက်မက်တဲ့အချိန်မှာ ဦးနှောက်ကနေထွက်ပေါ်လာတာဖြစ်လို့ ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားကိုလည်း မြှင့်တင်ပေးပါသေးတယ်။

ဒါ့ပေမယ့် ဦးနှောက်ကို အသုံးပြုပြီး အလုပ်လုပ်တဲ့လူတိုင်း အချိန်တစ်ခုကြာရင် ဦးနှောက်ကပင်ပန်းနွမ်းနယ်လာပါတယ်။ အဲဒီအချိန်မှာ ဦးနှောက်က Theta brain waves အခြေမနေကို ရောက်သွားပါတယ်။ အဲဒီအချိန်မှာဆိုရင် ဦးနှောက်ကိုပြန်လည်အားဖြည့်ဖို့လိုအပ်ပါတယ်။ ဦးနှောက်ကို ပြန်လည်အားဖြည့်ပေးနိုင်မယ့်နည်းလမ်းကတော့ (၁၅)မိနစ်လောက်အိပ်စက်တာနဲ့ ဦးနှောက်ကို Alpha brain waves ရောက်အောင်လုပ်တာပဲဖြစ်ပါတယ်။

Alpha brain waves အကြောင်း link ပါ။https://www.facebook.com/112780677885813/posts/160636863100194/

Theta waves ကိုထုတ်လွှင့်ပေးနိုင်မယ့် နည်းလမ်း(၂)ခုရှိပါတယ်။ အဲဒါတွေကတော့

(၁) Binaural Beats

Theta waves တွေဖြစ်ပေါ် လာဖို့အတွက် Binaural Beats လို music တစ်မျိုးရဲ့ အကူအညီရယူနိုင်ပါတယ်။ ဒီ music ရဲ့ သဘောက Theta waves ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ရဲ့ နားနှစ်ဖက်မှာ မတူညီတဲ့ frequency တွေကို ထုတ်လွှင့်ပေးတာပါ။ ဥပမာ- ညာဘက်နားမှာ 100Hz ရှိတဲ့ သံစဉ်နဲ့ ဘယ်ဘက်နားမှာ 104Hz ရှိတဲ့ Tone ဖွင့်မယ်ဆိုရင် ကြားထဲက ကွာဟချက်က 4Hz ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ Theta waves ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ ( ဒီလို Binural Beats မျိုးနားထောင်မယ်ဆိုရင် နားကျပ်တပ် နားထောင်ဖို့တော့ လိုပါတယ်။) ဒါပေမယ့် Binaural Beats ကနေ Theta waves ဖြစ်ပေါ်လာဖို့ဆိုရင် အလေ့အကျင့်တစ်ခုလိုအပ်ပြီး လွယ်လွယ်နဲ့မရနိုင်ပါဘူး။

(၂) တရားထိုင်ခြင်း

တရားထိုင်ခြင်းကလည်း Theta waves ကို ထုတ်လွှင့်ပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Theta waves ကို ထုတ်ပေးနိုင်ဖို့အတွက်ဆိုရင်တော့ လက်ရှိဖြစ်နေတဲ့အခိုက်အတံ့ကိုပဲ အာရုံစိုက်ပြီး တရားထိုင်ရမှာဖြစ်ပါတယ်။ Theta waves ကထုတ်ရတာခက်ခဲလို့ လွယ်လွယ်ကူကးတော့ဖြစ်ပေါ်မလာနိုင်ဘူး။

အခုဆိုရင် မိတ်ဆွေတိုအနေနဲ့ Theta waves ရဲ့ အရေးပါပုံအကြောင်းကို သိသွားမယ်လို့ထင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း (creativity) နည်းနေတယ်ဆိုရင် Theta stage ကိုရောက်အောင်လုပ်ပြီးတော့ ဖန်တီးနိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *