နေ့လည်ခင်းအချိန်ကိုရောက်ရင် ကျွန်တော်တို့အားလုံးကြုံတွေ့ရတာက အိပ်ချင်စိတ်ပေါ်ပေါက်လာတာပါပဲ။ တစ်ချို့ကလည်း ထမင်းစားပြီး သွေးလေးလာလို့ အိပ်ချင်တာလို့ ပြောကြပါတယ်။ ဘယ်လိုကြောင့်ပဲအိပ်ချင်လာပါစေ နေ့လည်ခင်းမှာ တရေးအိပ်တာက ကောင်းကျိုးတွေကိုပေးစွမ်းနိုင်ပါတယ်။

နေ့လည်ခင်းမှာ တရေးအိပ်ရင်

(၁) ခွန်အားပြည့်စေတယ်။

မနက်အိပ်ရာထချိန်ကစလို့ အလုပ်တွေလုပ်ရတဲ့အတွက် နေ့လည်ရောက်ရင် ခန္ဓာကိုယ်က အနည်းငယ်ပင်ပန်းနွမ်းနယ်နေပါပြီ။ နေ့လည်ခင်းမှာ မိနစ်(၂၀) လောက် အိပ်စက်တာက ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကို အားပြန်လည်ဖြည့်ပေးရာရောက်ပါတယ်။

(၂) မှတ်ဉာဏ်ပိုကောင်းစေတယ်။

ခန္ဓာကိုယ်ပင်ပန်းနေတဲ့အခါမှာ ဦးနှောက်ကလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ လေ့လာမှူတွေအရ နေ့လည်တရေးအိပ်စက်တာက ဦးနှောက်ကို အနားပေးသလိုဖြစ်တဲ့အတွက် မှတ်ဉာဏ်ကိုပါ ပိုကောင်းစေပါတယ်။

(၃) စိတ်ခံစားမှုကောင်းစေတယ်။

နေ့လည်ရောက်ရင် ပင်ပန်းပြီး ထုံထိုင်းသလိုဖြစ်လာတာ ပုံမှန်ပါပဲ။ အဲ့လိုဖြစ်ပြီဆိုရင် စိတ်ခံစားချက်ကလည်း ဘယ်လိုမှမကောင်းမွန်နိုင်တော့ပါဘူး။ နေ့လည်မှာ အိပ်စက်တာက စိတ်ခံစားချက်တွေကိုကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း တိုးတက်လာမှာပါ။

(၄) တီထွင်ဖန်တီးနိုင်စွမ်းအားပိုကောင်းစေတယ်။

နေ့လည်မှာ တရေးအိပ်တာက ခန္ဓာကိုယ်ကိုရော ဦးနှောက်ကိုပါ အနားပေးပြီး အားပြန်ဖြည့်ပေးတာပါပဲ။ အဲဒီအခါမှာ ကျွန်တော်တို့အနေနဲ့ အလုပ်တွေကို တီထွင်ဖန်တီးနိုင်စွမ်းအပြည့် အားအင်အပြည့်နဲ့ လုပ်ဆောင်နိုင်စေမှာပါ။

နောက်ထပ် နေ့လည်ခင်းတရေးအိပ်တတ်တဲ့သူတွေအတွက် နည်းလမ်းလေးတစ်ခုပြောပြပေးချင်ပါတယ်။ အဲဒါကတော့ နေ့လည်တရေးမအိပ်ခင်မှာ ကော်ဖီတစ်ခွင်သောက်ပြီး မိနစ်(၂၀-၃၀) လောက် အိပ်ဖို့ပါ။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က ခန္ဓာကိုယ်မှာ အစွမ်းပြဖို့ဆိုရင် မိနစ်(၂၀) လောက်လိုအပ်ပါတယ်။ အဲဒီအချိန်တွင်းမှာ အိပ်လိုက်ပြီး နိုးလာတဲ့အခါမှာ ကဖိန်းဓာတ်အစွမ်းနဲ့ အလုပိတွေကို အရင်ကထက်(၂)ဆလောက် ပိုလုပ်နိုင်စေမှာပါ။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published.