လူတစ်ချို့မှာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ပျော်ရန်ခက်ခဲပြီး အိပ်ပျော်သွားရင်လည်း ခဏခဏပြန်နိုးနေတတ်ပါတယ်။ မနက်နိုးတဲ့အခါမှာလည်း အိပ်ရေးဝပြီး ကြည်လင်လန်းဆန်းမှုမခံစားရပဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အခုလို ညဘက်အိပ်မပျော်တဲ့အကြိမ်ရေတွေများလာပြီဆိုရင် အိပ်မပျော်တဲ့ရောဂါ (Insomnia) လို့ခေါ်ကြပါတယ်။ အိပ်မပျော်တဲ့ရောဂါကြောင့် ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံသာမကပဲ ကျွန်တော်တို့ရဲ့ နေ့စဉ််ဘဝမှာ/အလုပ်မှာ အဆင်မပြေမှုတွေကိုပါ ကြုံတွေ့ရနိုင်ပါတယ်။

အိပ်မပျော်တဲ့ရောဂါခံစားနေရတဲ့သူတွေမှာ ညဘက်အိပ်ပျော်ဖို့ခက်ခဲခြင်း၊ အိပ်ပျော်နေစဉ် ခဏခဏနိုးခြင်း၊ မနက်အိပ်ရာမှထတဲ့အါ ပင်ပန်းနွမ်းနယ်သလိုခံစားနေရခြင်း၊ အာရုံစူးစိုက်နိုင်စွမ်းလျော့ကျခြင်းနဲ့ အိပ်ရာဝင်ဖို့ စိုးရိမ်ကြောင့်ကြခြင်း စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

အိပ်မပျော်တဲ့ ပြဿနာက သူ့ချည်းသပ်သပ်ရောဂါတစ်ခုဖြစ်နိုင်သလို တခြားအကြောင်းတွေနဲ့ဆက်စပ်ပြီးလည်းဖြစ်ပေါ်နိုင်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့

– စိတ်ဖိစီးခြင်း

အလုပ်၊ ကျောင်း၊ မိသားစုကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ဖိစီးတာ၊ ကျန်းမာရေးကြောင့် သို့ ငွေကြေးကြောင့် စိတ်ဖိစီးမှုတွေခံစားရတာ များလာတဲ့အခါမျိုးမှာ ညဘက်အိပ်မပျော်တာမျိုးဖြစ်နိုင်ပါတယ်။

– အိပ်ရာပြောင်းခြင်း

အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ အလည်အပတ်ခရီးထွက်လို့ဖြစ်စေ စားချိန်အိပ်ချိန် မမှန်တာမျိုးဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေဆို ကိစ္စမရှိပေမယ့် ကြာလာရင်တော့ ခန္ဓာကိုယ်ရဲ့ ဇီဝစက်ဝန်းကို ထိခိုက်ပြီး ကောင်းမွန်စွာအိပ်ပျော်ဖို့ ခက်ခဲနိုင်ပါတယ်။ တစ်ချို့ကလည်း ကိုယ်အိပ်နေကျ နေရာကနေ အပြောင်းအရွေ့လုပ်ရင် အိပ်မပျော်တာမျိုးဖြစ်တတ်ပါသေးတယ်။

– နာကျင်ခြင်း

– အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်နီးကပ်လွန်းခြင်းနဲ့

– ဆေးဝါးအချို့သုံးစွဲနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

အိပ်မပျော်တဲ့ရောဂါကို ဘယ်လိုတိုက်ထုတ်လို့ရနိုင်လဲ?

အိပ်မပျော်တဲ့ရောဂါ (Insomnia) ကို ကုသဖို့ အကောင်းဆုံးနည်းလမ်းကတော့ မိမိတို့ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့အိပ်စက်ခြင်းအလေ့အကျင့်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ပုံစံမျိုးပြောင်းလဲရပါတယ်။

– ညဘက်အိပ်စက်ချိန်နဲ့ မနက်နိုးထချိန်ကို တစ်သမတ်တည်းထားပါ။

– နေ့လည် တရေးတမောအိပ်စက်ချိန်ကို ကန့်သတ်ထားပါ။

– ညအိပ်ရာဝင်ခါနီး ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ/အရက်/ဆေးလိပ် မသောက်ပါနဲ့။

– အိပ်ရာပေါ်မှာဖုန်းမသုံးပါနဲ့။

စတဲ့ အချက်တွေကို အတတ်နိုင်ဆုံးလိုက်နာပေးရင် အိပ်မပျော်တဲ့ရောဂါက ပျောက်ကင်းသွားနိုင်ပါတယ်။

တကယ်လို့ ကိုယ်က တခြားရောဂါတစ်ခုခုကြောင့် အိပ်မပျော်တာမျိုးဖြစ်နေရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပါတယ်။

တကယ်တော့ အိပ်မပျော်တဲ့ ရောဂါဟာ ကိုယ့်ရဲ့ နေ့စဉ်လူမှုဘဝနဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို ထိခိုက်နိုင်တဲ့အတွက် အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကြိုးစားသင့်ပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published.