မိတ်ဆွေတို့က ခဏခဏမေ့တတ်သူလား ဒါဆိုရင် ခဏလောက်ရပ်ပြီး ဒီ post ကိုဖတ်ကြည့်လိုက်ပါ။

Q: အချက်အလက်များကို အလွယ်တကူမမှတ်မိဘူးဗျ/ ခနခနမေ့တတ်တယ်ဆရာ… အဲဒါဘယ်လိုလုပ်ရမလဲဆရာ

A: ဘဝမှာ အလုပ်ခွင်မှာ အဆင်ပြေအောင်မြင်နိုင်ဖို့ဆိုရင် အကြောင်းအရာတွေ/အချက်အလက်တွေကို မှတ်မိနေဖို့လိုအပ်ပါတယ်။ အကြောင်းအရာတစ်ခုခု၊ နာမည်တစ်ခုကို ပြောခါနီးမှ နှုတ်ခမ်းဖျားလေးတင်မေ့နေတာက ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။

လူတွေက အရင်ကတည်းက ဉာဏ်မကောင်းရင် အခုချိန်လည်း ကောင်းနိုင်မှာမဟုတ်ဘူး/ မှတ်ဉာဏ်ဆိူတာ တစ်သမတ်တည်း မပြောင်းလဲတတ်တဲ့အရာလို့ ထင်မိတတ်ကြပါတယ်။

ဒါပေမယ့် မှတ်ဉာဏ်ဆိုတာ တိုးတက်အောင် လေ့ကျင့်ယူလို့ရတဲ့အရာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့မှတ်ဉာဏ်ကောင်းစေဖို့အတွက် စနစ်တကျသေချာလေ့ကျင့်မယ်ဆိုရင် ဘယ်သူမဆို အချက်အလက်တွေ/အကြောင်းအရာတွေကို အလွယ်တကူမှတ်မိနိုင်မှာပဲဖြစ်ပါတယ်။

မှတ်ဉာဏ်ကောင်းမွန်ဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံနဲ့ အစားအသောက်ကို သေချာဂရုစိုက်ပြောင်းလဲလိုက်မယ်/ နောက်ပြီး နည်းလမ်းတစ်ချို့ကိုအသုံးပြုမယ်ဆိုရင် မိတ်ဆွေတိူ့အနေနဲ့ ခဏခဏမေ့တတ်နေတဲ့အဖြစ်ကနေ ကင်းဝေးသွားမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ မှတ်ဉာဏ်တိုးတက်စေဖို့အတွက်

– အိပ်ရေးဝဝအိပ်ပါ။

နေ့ဘက်မှာ ကြုံတွေ့ခဲ့ရသမျှ သင်ယူလေ့လာခဲ့ရသမျှကို ညဘက်မှာ ဦးနှောက်က သေချာစီစစ်ပြီး မှတ်ဉာဏ်အဖြစ်သိမ်းဆည်းထားပေးပါတယ်။ ညဘက်မှာအိပ်ရေးမဝရင် အဲဒီအလုပ်ကို ဦးနှောက်မှာသေချာမလုပ်နိုင်တော့လိူ့ အိပ်ရေးမဝတာများလာရင် မှတ်ဉာဏ် ထိခိုက်နိုင်ပါတယ်။

– ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးပေးပါ။

နေ့စဉ်စားသုံးတဲ့အစားအသောက်ကလည်း မှတ်ဉာဏ်နဲ့ပတ်သက်လို့ အရေးပါတဲ့နေရာမှာပါဝင်နေပါတယ်။ ဦးနှောက်ကို အထောက်အကူပြုတဲ့ အစားအစားတွေစားပေးတာက မှတ်ဉာဏ်ကိုကောင်းမွန်စေမှာပါ။

– လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကိုကျန်းမာစေရုံသာမက မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ သွေးလည်ပတ်မှုကောင်းမွန်လာပြီး ဦးနှောက်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေကို ပိုရရှိတဲ့အတွက် မှတ်ဉာဏ်နဲ့ စဉ်းစားနိုင်စွမ်းတွေတိုးတက်လာစေဖို့ အထောက်အကူပြုပါတယ်။

– တရားထိုင်ပါ။

တရားထိုင်တာက စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပုံမှန်တရားထိုင်တဲ့သူတွေက တခြားသူတွေထက် မှတ်မိနိုင်စွမ်းပိုကောင်းပါတယ်။

အပေါ်မှာ ပြောပြသွားတာတွေက မှတ်ဉာဏ်ကောင်းမွန်ဖို့အတွက် ပြောင်းလဲရမယ့် နေထိုင်မှုပုံစံတွေပဲဖြစ်ပါတယ်။

နောက်ထပ် ပြောပြပေးသွားမှာကတော့ အကြောင်းအရာ/အချက်အလက်တွေကို ကြာရှည်မှတ်မိနေစေမယ့် မှတ်သားနည်းပဲဖြစ်ပါတယ်။

အဲဒီနည်းကို ဆက်စပ်မှတ်သားတဲ့နည်းလို့ခေါ်ပါတယ်။ လူတွေက အကြောင်းအရာတစ်ခုတည်းကို သီးခြားမှတ်မိ​တာရှားပါတယ်။ ကိုယ်မှတ်သားချင်တဲ့ အကြောင်းအရာတစ်ခုကို ကိုယ်နဲ့ရင်းနှီးပြီးသားတစ်ခုနဲ့ တွဲပြီး မှတ်ထားလိုက်လို့ရပါတယ်။

ဥပမာ- မန္တလေးမြို့ကို စတည်ခဲ့တဲ့ ခုနှစ်ကို “အောင်ကျော်ချမ်းအေး” မန္တလေးလို့ မှတ်သားကြပါတယ်။ ဒီလိူနည်းနဲ့ မန္တလေးကို မြန်မာသက္ကရာဇ် ၁၂၂၁ မှာ တည်ခဲ့တယ်ဆိုတာ အလွယ်တကူမှတ်မိနိုင်ပါတယ်။

ဒီနေ့ပြောပြပေးသွားတာက ခဏခဏမေ့တတ်တဲ့သူတွေ မှတ်ဉာဏ်ကောင်းစေဖို့ ပြောင်းလဲရမယ့် နေထိုင်မှုပုံစံနဲ့ စားသောက်မှုပုံစံတစ်ချို့ပဲဖြစ်ပါတယ်။

မိတ်ဆွေတို့လည်း အဲဒီနည်းလမ်းတွေကိုသုံးပြီး အခုကစပြီး မှတ်ဉာဏ်ကောင်းဖိူ့လုပ်ဆောင်လိုက်တော့နော်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *