လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်လျှော့ချစေပြီး ခန္ဓာကိုယ်ကိုပေါ့ပါးသွက်လက်စေတယ်၊ နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေဖြစ်နိုင်ချေကိုလျှော့ချပေးတယ်။ ခန္ဓာကိုယ်ကျန်းမာရေးကိုအထောက်အကူပြုရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ပေးနိုင်စွမ်းရှိပါတယ်။
ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းက နှလုံးနဲ့အဆုတ်ကိုအားကောင်းလာစေပါတယ်။ အသက်ကိုဝဝလင်လင်ရှူရှိုက်ရတဲ့အတွက် အောက်ဆီဂျင်ပိုမိုရရှိပြီး သွေးလည်ပတ်မှုနှုန်း ပိုမိုမြန်ဆန်လာပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်က အဆီတွေကိုလည်းလောင်ကျွမ်းစေတဲ့အတွက် အဝလွန်ခြင်းကို ကာကွယ်ပေးပြီး အဆီကျလှပတဲ့ ခန္ဓာကိုယ်တစ်ခုဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ အဝလွန်ခြင်းကို ကာကွယ်ပေးတဲ့အတွက် အဝလွန်ခြင်းနဲ့ပတ်သက်တဲ့ရောဂါတွေကြောင့် သေဆုံးနိုင်ချေကိုလည်းလျှော့ချပေးမှာပါ။
လေ့ကျင့်ခန်းလုပ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာစားချင်စိတ်ကိုမြှင့်တင်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေက ညဘက်မှာလည်းကောင်းမွန်စွာအိပ်ပျော်ပါသေးတယ်။
စိတ်နဲ့ခန္ဓာကိုယ်ဟာအချင်းချင်းဆက်စပ်နေကြတာပါ။ စိတ်ချမ်းသာမှ ခန္ဓာကိုယ်ကျန်းမာသလို၊ ခန္ဓာကိုယ်ကျန်းမာမှလည်း စိတ်အခြေအနေကောင်းမွန်နေမှာပါ။ မကျန်းမာတဲ့လူတစ်ယောက်ဟာ စိတ်ညစ်စရာတွေ၊ လောကဓံရဲ့ဖိအားတွေကို ခံနိုင်ရည်မရှိနိုင်ပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေကတော့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပါတယ်။
တကယ်လို့မိတ်ဆွေတို့က အရင်ကလည်းလေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုရင် ဒီနေ့ကစပြီး ပြောင်းလဲလိုက်ဖို့လိုပါတယ်။
လေ့ကျင့်ခန်းကို လုံးဝမလုပ်တာထက် တစ်နေ့အနည်းငယ်ပဲ လုပ်ပေးနိုင်ရင်တောင် အကျိုးထူးရှိပါတယ်။ နေ့စဉ် လုပ်ပေးနိုင်ရင်တော့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်မှာပါ။
လေ့ကျင့်ခန်းကို အလှအပ တစ်ခုတည်းအတွက် မဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေပါ လိုက်စားပေးဖို့တော့ လိုပါတယ်။ လေ့ကျင့်ခန်းအပြင် အစာအာဟာရကို ဂရုတရစိုက်စားသုံးမယ်၊ ပြည့်ဝစွာ အိပ်စက်အနားယူမယ်၊ ကျန်းမာရေးကို ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်ရှားမယ်ဆိုရင် အသက်ရှည်ပြီး ကျန်းမာတဲ့ လူ့ဘဝကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta