—————————————————————————
ကျွန်တော်တို့ အကုန်လုံးကတော့ ပိုပျော်ရတဲ့၊ ပိုကျန်းမာတဲ့၊ ပိုပြီး စိတ်ငြိမ်းချမ်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ရဖို့ ကြိုးစားနေကြရတာပါပဲ။
ကျန်းမာရေး အသိတွေ ကြွယ်ဝလာတဲ့အမျှ လေ့ကျင့်ခန်းတွေလုပ်ကြတယ်၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်တွေပိုစားကြတယ်၊ တရားထိုင်ကြတယ် ဒီလို နည်းလမ်းအမျိုးမျိုးနဲ့ အသက်ရှည်အောင် လုပ်နေကြပါတယ်။
ဒီထဲကမှ အများစု သတိမထားမိပေမဲ့ အကျိုးများတဲ့ အလေ့အကျင့်တစ်ခုကလဲ လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ရှိနေပါသေးတယ်။
ဒါကတော့ စာဖတ်ခြင်းပါ။
စာဖတ်တဲ့ အလေ့အကျင့်က ကျွန်တော်တို့ရဲ့ အသက်ရှင်ရမယ့် သက်တမ်းထဲကို တန်ဖိုးရှိလှတဲ့ နှစ်အပိုင်းအခြားတွေ ပေါင်းထည့်ပေးနိုင်တယ်ဆိုတာ သိပါသလား?
ဘာလို့ စာဖတ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အသက်ရှည်စေရတာပါလဲ?
ကျွန်တော် အရင်က ပြောပြခဲ့သလိုမျိုး စာဖတ်တယ်ဆိုတာ မတူညီတဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ပေါင်းစပ်ပြီး လုပ်ဆောင်ရတာပါ။
ဒီတော့ စာဖတ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဦးနှောက်ကို လေ့ကျင့်ပေးပြီး ဦးနှောက်ကို တက်ကြွနေအောင်၊ ပိုသွက်လက်အောင်၊ ဦးနှောက်စွမ်းအား ပိုကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။
နောက်ပြီး ဇာတ်ကောင်တွေနေရာက ဝင်ခံစားရတာ၊ ဆက်စပ်တွေးခေါ်ရတာတွေကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေမှာလဲ ဖြစ်ပါတယ်။ စိတ်ချမ်းသာရင် ကိုယ်ကျန်းမာတာပဲ မလား…
မအိပ်ခင် နာရီဝက်လောက် စာဖတ်ခြင်းက ကောင်းကောင်းအိပ်ပျော်စေသလို စာဖတ်ခြင်းက အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်တယ်ဆိုတာကိုလဲ ကျွန်တော် ပြောပြခဲ့ဖူးပါတယ်။
Yale တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရလဲ တစ်ပတ်ကို ၃ နာရီခွဲအထက် စာဖတ်တဲ့သူတွေက စာမဖတ်တဲ့သူထက် ၂၃% လောက် ပိုပြီး အသက်ရှင်တယ်လို့ တွေ့ရှိထားပါတယ်။
ဒီတော့ စာဖတ်ဖို့အတွက် အကြောင်းပြချက်ကောင်းကောင်း ရှာနေသေးရင် အသက်ကလေးရယ် ရှည်ဖို့အတွက် စာဖတ်ဖို့ လိုတယ်လို့တွေးပြီး အခုပဲ စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်လိုက်ပါ။
Dream Lab