ဒီနေ့ခေတ်ကြီးမှာ ညဘက်မအိပ်ခင် ဖုန်းသုံးတဲ့အကျင့်ကြောင့် တော်တော်များများက အိပ်တဲ့အချိန်နောက်ကျပါတယ်။ ညဘက်အိပ်ရာဝင်နောက်ကျလည်း မနက်ကျ အလုပ်တာဝန်တွေရှိတာကြောင့် အိပ်ရေးမဝလည်း ထရပြန်ပါတယ်။ ဒီလိုနဲ့အိပ်ရေးပျက်တဲ့/ အိပ်ရေးမဝတဲ့ရက်တွေ များလာပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါမှာ ကျန်းမာရေးကိုရော နေ့စဉ်လူနေမှုဘဝကိုရော ထိခိုက်နိုင်ပါတယ်။

(၁)ဦးနှောက်နဲ့ အာရုံကြောထိခိုက်မယ်

ဦးနှောက်က တစ်ကိုယ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးရတာပါ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဦးနှောက်ဆီကို အချက်ကောင်းကောင်း မပြနိုင်တော့ပါဘူး။ ဒါ့ပြင်အိပ်နေတဲ့ အချိန်အတွင်းမှာ ဦးနှောက်ဆဲလ်လေးတွေက တစ်နေ့တာ တွေ့ကြုံရသမျှကို သိမ်းထားပြီး မှတ်ဉာဏ်အဖြစ် သိမ်းဆည်းပေးပါတယ်။ မအိပ်ထားရင် ဦးနှောက်က ပင်ပန်းပြီး သူ့အလုပ်သူ လုပ်နိုင်တော့မှာ မဟုတ်ပဲ အာရုံစူးစိုက်ရတာ၊ မှတ်ရခက်တာတွေ ဖြစ်လာမှာပါ။ ခန္ဓာကိုယ်က တုံ့ပြန်တာ နှေးသွားတဲ့အတွက် မတော်တဆထိခိုက်နိုင်ချေလည်း ပိုများပါတယ်။ နောက်ပြီး အားလုံးသိပါတယ်။ အိပ်ရေးမဝရင် ဘာကို အလိုမကျမှန်းမသိ အလိုလိုနေရင်း စိတ်တိုနေတာပါ။ ဆုံးဖြတ်ချက်ချတာလည်း မှားနိုင်သလို၊ စိတ်ကူးဉာဏ်တွေလည်း မပွင့်တော့ပါဘူး။

(၂) ခုခံအားစနစ် ကျမယ်

အိပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ခုခံအားဓာတ်တစ်မျိုးဖြစ်တဲ့ cytokines ကို ထုတ်ပေးပါတယ်။ သူက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။ နောက်ပြီး လူကိုလည်း အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှ အားပြည့်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။

အိပ်ရေးမဝဘူးဆိုရင် ခုခံအားစနစ် တဖြည်းဖြည်း ပျက်ယွင်းလာမှာပါ။ အားမရှိတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာ မဟုတ်သလို နေမကောင်းဖြစ်ပြီးရင်လည်း နာလန်ထူဖို့ ခက်ပါတယ်။ ရေရှည်မှာ ဆီးချိုတို့လို နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူအများစုဟာ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၉ နာရီအတွင်းရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် –

– တစ်နေ့ကို ဘယ်အချိန်မှာအိပ်မယ်၊ ဘယ်အချိန်မှာအိပ်ရာထမယ်ဆိုတာရယ်၊ နေ့တိုင်းဒီအချိန်ပဲဖြစ်ဖို့ရယ်၊ အချိန်ဇယားတစ်ခုသတ်မှတ်ပြီးသေချာလိုက်နာပါ။

– အိပ်ခန်း သို့မဟုတ် အိပ်တဲ့နေရာကိုအေးချမ်း၊ သပ်ရပ်၊ သန့်ရှင်းပြီး အလင်းရောင်မများစေဖို့ပြင်ဆင်ထားပါ။

– ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။လေ့ကျင့်ခန်းလုပ်တာက ညကျ ပိုပြီးနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

မိတ်ဆွေတို့ရော အိပ်ရေးဝဝအိပ်ဖြစ်ကြရဲ့လား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published. Required fields are marked *