ကျွန်တော်တို့ရဲ့နေ့စဉ်သွားလာလှုပ်ရှားမှုတွေ၊ လေ့လာသင်ယူမှုတွေကအစ နှလုံးခုန်နှုန်း၊အသက်ရှုနှုန်းတွေအထိကို ဦးနှောက်က ထိန်းချုပ်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပြဿနာဖြေရှင်းတာ၊ စဉ်းစားတွေးတောတာ၊ သင်ယူမှတ်သားတာတွေအတွက်ဦးနှောက်ကမရှိမဖြစ်လိုအပ်ပြီး လူ့ခန္ဓာကိုယ်မှာ အရှုပ်ထွေးဆုံးနဲ့ အလုပ်အများဆုံးအစိတ်အပိုင်းလည်းဖြစ်ပါတယ်။
ဦးနှောက်ရဲ့ကျန်းမာရေးကလည်း ကျွန်တော်တို့နေ့စဉ်စားသောက်တဲ့အရာတွေပေါ်မှာ မူတည်နေပါတယ်။ ဦးနှောက်ကိုအကျိုးပြုတဲ့ အစားအစာတွေစားရင်တော့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်ကောင်းလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်ကို ဆိုးကျိုးဖြစ်စေတဲ့အစားအစာတွေဆိုရင်တော့ မှတ်ဉာဏ်ချို့ယွင်းခြင်း နဲ့စိတ်မကြည်မလင်ဖြစ်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။
ဒါ့ကြောင့် ဒီနေ့မှာတော့ ဦးနှောက်ကို ဆိုးကျိုးဖြစ်စေတဲ့ အစားအစာတွေကို ပြောပြပေးချင်ပါတယ်။
(၁) သကြားဓာတ်ပါဝင်မှုများတဲ့အချိုရည်များ
ဆိုဒါ(Soda), အားဖြည့်အချိုရည်တွေနဲ့ သစ်သီးဖျော်ရည် စတာတွေအားလုံးမှာ သကြားဓာတ်ပါဝင်မှုများပြားပါတယ်။ သကြားဓာတ်ပါဝင်မှုများတဲ့အချိုရည်တွေက သောက်ပါများရင် ဗိုက်မှာအဆီတွေစုလာတတ်ပြီး အမျိုးအစား(၂)ဆီးချိုနဲ့နှလုံးရောဂါတွေဖြစ်စေတဲ့အပြင် ဦးနှောက်အတွက်ဆိုးကျိုးတွေပေးနိုင်ပါတယ်။ အမျိုးအစား(၂)ဆီးချိုက အယ်ဇိုင်းမာရောဂါဖြစ်နိုင်ချေကို မြင့်စေပါတယ်။ ဒါ့အပြင် ဆီချိုမရှိသူတွေတောင် သွေးတွင်းသကြားဓာတ်များလာရင် မကြာခဏသတိမေ့ပြီး မှတ်ဉာဏ်ချို့ယွင်းမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။
အချိုရည်တွေမှာပါဝင်တဲ့သကြားဓာတ်ကို ဖရက်စ်တို့စ်(fructose) ၅၅% ၊ ဂလူးကိုစ်(glucose) ၄၅% နဲ့ဖွဲ့စည်းထားတာပါ။ ဖရက်စ်တို့စ်(fructose)စားသုံးမှုများတဲ့အခါမှာ အဝလွန်ခြင်း၊ သွေးတိုးအဆီများခြင်း နဲ့ ဆီးချိုရောဂါတွေဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်တွင်းမှာရှိတဲ့အာရုံကြောဆဲလ် (Neurons)တွေဖြစ်ပေါ်မှုကို ဟန့်တားနိုင်တဲ့အတွက် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သင်ယူနိုင်စွမ်းလျော့ကျခြင်းတို့ဖြစ်စေပြီး ဦးနှောက်စွမ်းရည်ကိုလျော့ကျစေပါတယ်။
(၂) Refined carbohydrates
Refined carbohydrates တွေထဲမှာ သကြား၊ ဂျုံ စတာတွေပါဝင်ပါတယ်။ အဲဒီအစားအစာတွေမှာ သကြားဓာတ်ပါဝင်မှုအညွှန်းကိန်း(Glycemic index) မြင့်ပါတယ်။ ဆိုလိုတာက အဲဒီအစားအစာတွေကိုစားလိုက်ရင် ခဏအတွင်းအစာကြေပြီး သွေးတွင်းသကြားဓာတ်နဲ့အင်ဆူလင်(insulin) ပမာဏတို့ ရုတ်တရက်မြင့်တက်လာစေမှာဖြစ်ပါတယ်။
သကြားဓာတ်ညွှန်းကိန်းမြင့်တဲ့အစားအစာတွေက ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေသိမ်းဆည်းထားတဲ့ ဦးနှောက်ရဲ့ Hippocampus အပိုင်းကို ရောင်ရမ်းစေတဲ့အတွက် မှတ်ဉာဏ်ထိခိုက်တာတွေဖြစ်လာစေပါတယ်။ ဦးနှောက်ရောင်ရမ်းတာက မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ အယ်ဇိုင်းမားရောဂါတွေဖြစ်စေတဲ့အကြောင်းရင်း တစ်ခုပဲဖြစ်ပါတယ်။
(၃) ပြုပြင်ထားတဲ့အသင့်စား အစားအစာများ
ပြုပြင်ထားတဲ့အစားအစာတွေမှာ အာလူးကြော်၊ သကြားလုံး၊ အသင့်စားခေါက်ဆွဲထုပ်၊ အသင့်စားအစားအစာတွေပါဝင်,ပါတယ်။ အဲဒီအစားအစာတွေမှာ လူတွေကိုဆွဲဆောင်နိုင်ဖို့အတွက် အရသာစုံအောင် ပြုပြင်ထားပြီး အာဟာရဓာတ်ပါဝင်မှုနည်းပါတယ်။ ကိုယ်အလေးချိန်တက်စေပြီး ဦးနှောက်နဲ့မှတ်ဉာဏ်ကိုလည်း ဆိုးကျိုးဖြစ်စေပါတယ်။
အသင့်စား အစားအစာတွေရဲ့ နောက်ထပ်သက်ရောက်မှုတစ်ခုကတော့ BNDF ဆိုတဲ့မော်လီကျူး (Molecules) တွေကို လျော့နည်းစေခြင်းပဲဖြစ်ပါတယ်။ BNDF မော်လီကျူးတွေဟာ သင်ယူခြင်း၊ အာရုံကြောအသစ်များဖြစ်ပေါ်ခြင်းနဲ့ ရေရှည်မှတ်ဉာဏ်ထိန်းသိမ်းခြင်းတို့အတွက် အရေးပါတဲ့အတွက် အဆိုပါမော်လီကျူးတွေလျော့နည်းတာက ဦးနှောက်စွမ်းဆောင်ရည်ကိုထိခိုက်စေပါတယ်။
ဒါကြောင့် ပြုပြင်ထားတဲ့အစားအစာတွေစားမယ့်အစား သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ အသားငါးတွေကို ပိုပြီးစားသုံးသင့်ပါတယ်။
(၄) အယ်လ်ကိုဟော(Alcohol)
အရက်ကို ပမာဏနည်းနည်းလောက်သောက်တာက အဆင်ပြေနိုင်ပေမယ့် အလွန်အကျွံသောက်မယ်ဆိုရင်တော့ ဦးနှောက်ကိုထိခိုက်နိုင်တဲ့အပြင် ကျန်းမာရေးကိုလည်းဆိုးရွားစေပါတယ်။ အရက်ကို ကာလရှည်အလွန်အကျွံသောက်ရင် ဦးနှောက်အရွယ်အစားကျုံ့သွားနိုင်တယ်၊ ဇီဝဖြစ်စဉ်တွေကို ပြောင်းလဲစေပြီး Neurotransmitter တွေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ အရက်ရဲ့နောက်ထပ်သက်ရောက်မှုတစ်ခုက အိပ်စက်ခြင်းကိုအနှောင့်အယှက်ပေးတဲ့အတွက် အိပ်ရေးမဝပဲ ရေရှည်မှာ အာရုံကြောတွေထိခိုက်လာေစပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ထိခိုက်ခြင်းနဲ့ အမြင်အာရုံချို့ယွင်းခြင်း စတာတွေလည်းဖြစ်စေနိုင်ပါတယ်။
(၅) ပုံပြောင်းဆီများသော အစားအစာများ
ပုံပြောင်းဆီဟာ မပြည့်ဝဆီအမျိုးအစားဖြစ်ပြီး ဦးနှောက်ကို ဆိုးကျိုးဖြစ်စေပါတယ်။ ပုံပြောင်းဆီကို အသား၊ နို့ထွက်ပစ္စည်း စတဲ့တိရစ္ဆာန်များမှ ရရှိတဲ့ စားသောက်ဖွယ်ရာများမှာ သဘာဝအလျောက် တွေ့ရှိရပါတယ်။ ဒါပေမယ့် သူတို့မှာ ပြဿနာသိပ်မရှိပါဘူး။ စက်ရုံများကနေ ထုတ်လုပ်လိုက်တဲ့ ပုံပြောင်းဆီ(ဟင်းသီးဟင်းရွက်ဆီ) တွေမှာတော့ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ထိခိုက်စေတဲ့အာနိသင်တွေ ရှိနေပါတယ်။
သရေစာတွေ၊ အသင့်စားအစားအစာတွေနဲ့ ထုပ်ပိုးထားတဲ့မုန့်တွေအများစုက ပုံပြောင်းဆီတွေနဲ့လုပ်ထားတာပါ။ ပုံပြောင်းဆီစားတာများရင် ဦးနှောက်ကိုထိခိုက်စေပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတွေဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။
ဒီနေ့ပြောပြပေးသွားတဲ့ ဦးနှောက်ကိုဆိုးကျိုးပေးတဲ့ အစားအစာတွေကို တတ်နိုင်သလောက်ရှောင်ကျဉ်ပြီး မိတ်ဆွေတို့ရဲ့ ဦးနှောက်ကို ဂရုစိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta