” လူသားတွေဟာ မိမိတို့ရဲ့ ကြည်နူးမှု၊ ရွှင်လန်းမှု၊ ရယ်မောစရာတွေအပြင် ဝမ်းနည်းမှု၊ နာကျင်မှုနဲ့ မျက်ရည်တွေဟာ ဦးနှောက်ကနေတဆင့်ဖြစ်ပေါ်လာတယ်ဆိုတာ သိသားသင့်တယ်။ ဒါ့ပြင် ဦးနှောက်ကပဲအမြင်အာရုံ၊ အကြားအာရုံနဲ့ အကောင်းအဆိုးအလှအပကို ခွဲခြားပေးတတ်တဲ့အပြင် ကြောက်ရွံ့မှုကြောင့် ညဘက်အိပ်မပျော်အောင်လုပ်နိုင်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့ လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဦးနှောက်က စွမ်းအားအကြီးဆုံးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ” HIPPOCRATES

လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၄၀၀)ကျော်က ဆေးပညာရဲ့ဖခင်ကြီး Hippocrates ပြောခဲ့သလိုပါပဲ ကျွန်တော်တို့ရဲ့ ဦးနှောက်ကပဲ ကျွန်တော်တို့ရဲ့ဘဝကို စီမံခန့်ခွဲနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းတွေ၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေအကုန်လုံးကို ဦးနှောက်ကထိန်းချုပ်နေတာဖြစ်ပါတယ်။ ဒါ့ပြင် စဉ်းစားတွေးတာတာ၊ သင်ယူလေ့လာတာ၊ ပျော်ရွှင်မှု၊ ဝမ်နည်းမှုနဲ့ စိတ်ခံစားချက်တွေ၊ ပြုမူပြောဆိုသမျှ၊ လုပ်ဆောင်သမျှအရာအားလုံးက ဦးနှောက်ကတဆင့် လုပ်ဆောင်နေရတာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဦးနှောက်ရဲ့တစ်စက္ကန့်စာစွမ်းဆောင်ရည်ဟာ ဒီနေ့ခေတ် စူပါကွန်ပြူတာတွေရဲ့ မိနစ်လေးဆယ်စာစွမ်းဆောင်ရည်နဲ့တူညီပါတယ်တဲ့။ ခန္ဓာကိုယ်တစ်ခုလုံးက ပေးပို့တဲ့ အချက်ပြစနစ်တွေကို တုန့်ပြန်ရတယ်၊ တွေးခေါ် စဉ်းစားရတယ်၊ လေ့လာသင်ယူဖို့အတွက်လည်း ဦးနှောက်ကမရှိမဖြစ်, ဖြစ်ပါတယ်။တကယ်တော့ ဦးနှောက်က အာရုံကြော သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့အတွက် အရှုပ်ထွေးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ အစွမ်းထက်ဆုံး၊ စွမ်းအားအကြီးဆုံး လက်နက်က ဦးနှောက်လို့ပြောရင် ငြင်းလို့ရမယ် မထင်ပါဘူး။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက ဒီနေ့ခေတ်ကမ္ဘာက “Hunger Games” ထဲကလို ဦးနှောက်အပေါ် သက်ညှာမှုမရှိပဲ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ဖျက်စီးနေသလိုဖြစ်နေပါတယ်။ ပတ်ဝန်းကျင်မှာ အလွယ်တကူဝယ်ယူလို့ရနေတဲ့ ‌ဈေးပေါပြီး အာဟာရဓာတ်ကင်းမဲ့တဲ့အစားအစာတွေဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်အတွက်တော့ အဆိပ်အတောက်တွေပါပဲ။ စက်မှုတိုးတက်ထွန်းကားလာတဲ့ခေတ်မှာ လူတွေရဲ့အလုပ်အကိုင်က တူညီတဲ့အလုပ်တစ်ခုထဲကို နှစ်ပေါင်းများစွာလုပ်ကိုင်လာကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဦးနှောက်ကတော့ အသစ်အဆန်းတွေကို ပိုစိတ်ဝင်စားပါတယ်။ ဒါ့ပြင် ခေတ်ကာလာအခြေအနေရဲ့ စိတ်ဖိစီးမှုတွေ၊ အိပ်ချိန်မမှန်တာတွေ နဲ့ သဘာဝတရားနဲ့တဖြည်းဖြည်းဝေးကွာလာတာတွေ၊ တကယ့်အပြင်က လူမှုဆက်ဆံရေးကို Social Network တွေနဲ့ အစားထိုးလာတွေဟာ ဦးနှောက်ကို အရွယ်မတိုင်ခင်အိုမင်းစေပြီး စွမ်းဆောင်ရည်ကျစေပါတယ်။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ ဒါပေမယ့် လူတွေက ကိုယ့်ရဲ့ဦးနှောက်ကို နေ့စဉ်ဂရုမစိုက်ကြတဲ့အခါမှာ မှတ်ဉာဏ်ချို့ယွင်းလာတာ၊ မေ့လျော့လာတာမျိုး၊ အသက်ကြီးလာတဲ့အခါမှာ Alzheimer ရောဂါရတာမျိုးဖြစ်လာပါတယ်။ အဲသလိုမဖြစ်ဖို့ဆိုရင် ငယ်ရွယ်စဉ်ကတည်းက ကျွန်တော်တို့ရဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့ ဦးနှောက်ကို ဂရုစိုက်ပေးနေဖို့လိုပါတယ်။

“You Are What You Eat” ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့စားလိုက်တဲ့ အစားအစာတွေက ဦးနှောက်နဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်မှုကြီးမားပါတယ်။ ကျွန်တော်တို့ရဲ့ဦးနှောက်ကျန်းမာပြီး စွမ်းဆောင်ရည်ကောင်းဖို့အတွက် ဘယ်ဆေးကမှမတတ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ဦးနှောက်ကျန်းမာပြီး စွမ်းဆောင်ရည်ကောင်းဖို့အတွက် ဆိုရင် ဦးနှောက်အပေါ်အကျိုးပြုတဲ့ အရာတွေစားဖို့လိုအပ်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်မြင့်စေတဲ့အစားအစာထဲမှာ ဗီတာမင်ကေ၊ ဘီတာကာရိုတင်းဓာတ်ကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ omega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်လိုငါးတွေ၊ Flavonoid ဓာတ်ကြွယ်ဝတဲ့ ဘလူးဘယ်ရီသီး၊ ချောကလက်(Dark Chocolate)၊ ထောပတ်သီး စတဲ့အစားအစာတွေရှိကြပါတယ်။

ကျွန်တော်တို့ရဲ့ ဦးနှောက်က ကားတစ်စီးရဲ့အင်ဂျင်တစ်လုံးလိုပါပဲ။ ဓာတ်ဆီကောင်းကောင်းထည့်ရင် ကားရဲ့စွမ်းဆောင်ရည်ပိုကောင်းသလို အာဟာရပြည့်တဲ့အစားအစာတွေစားရင်လည်း ဦးနှောက်ကပိုပြီး စွမ်းဆောင်ရည်ကောင်းလာပြီး အလုပ်တွေကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီတော့ မိတ်ဆွေတို့အနေနဲ့ မိမိတို့ရဲ့ဦးနှောက်စွမ်းဆောင်ရည်ပိုကောင်းပြီး အလုပ်တွေပိုပြီးဖို့ဆိုရင် အာဟာရပြည့်ဝပြီး ဦးနှောက်ကိုအကျိုးပြုတဲ့အစားစာတွေ စားဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Dr. Thuta ကနေပြီး‌တော့ ဦးနှောက်ကို အကျိုးပြုတဲ့အစားအစာတွေကို ပြောပြပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးကြပါအုံး။

မိတ်ဆွေတို့ရော ဦးနှောက်စွမ်းအားကို အကောင်းဆုံးအသုံးချနိုင်စေမယ့်အစားအစာတွေစားဖြစ်ကြရဲ့လား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Dr. Thuta

Leave a Reply

Your email address will not be published.