“Cristiano Ronaldo” ဆိုတာ အသက်(၃၆)နှစ်အရွယ်ရောက်တဲ့အထိ သူရဲ့ခြေစွမ်းကို ကမ္ဘာ့အဆင့်မှာပဲ ထိန်းထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘောလုံးသမားတွေအတွက် အသက်(၃၀)ကျော်ဆိုတာ နေဝင်ချိန်ပါပဲ။ (၃၆) နှစ်ဆိုတာ ဘောလုံသမားတော်တော်များများအနားယူကြတဲ့ အသက်အရွယ်ပါ။ ဒါပေမယ့် “Cristiano Ronaldo” ကတော့ ထိပ်တန်းအဆင့်မှာ ကစားနေနိုင်တုန်းပါပဲ။
အခုလို အသက်အရွယ်တစ်ခုကိုရောက်တဲ့ထိ ထိပ်တန်းအဆင့်မှာ ကစားနိုင်တာက ကာလရှည်ကြာ ခန္ဓာကိုယ်ကို ကြိုတင်ပြင်ဆင်ခဲ့ခြင်းရဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။ ကံကောင်းလို့ ဖြစ်လာတာမဟုတ်ပါဘူး။
Ronaldo က သူရဲ့ ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပါတယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ အရက်၊ဘီယာနဲ့ ကာဘွန်ပါတဲ့အချိုရည်တွေကို ရှောင်ရှားပါတယ်။ အထင်ရှားဆုံးကတော့ Euro 2020 သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့ရှေ့ရောက်နေတဲ့ ကိုကာကိုလာပုလင်းကိုဖယ်ပြီး ရေကိုပဲသောက်ဖို့ ပြောသွားတာပါ။
” You are what you eat” ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကျန်းမာပြီး အကောင်းဆုံးစွမ်းဆောင်ရည်ရဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာစားသောက်ပုံကို ဂရုစိုက်ရပါတယ်။ Ronaldo က သူရဲ့နေ့စဉ်စားသောက်မှုပုံစံကို ကိုယ်ပိုင်စားဖိုမှုး/ Dietician တွေထားပြီး သေချာဂရုစိုက်ပါတယ်။ Ronaldo ရဲ့ တစ်နေ့တာစားသောက်ပုံကို ဖော်ပြရမယ်ဆိုရင် တစ်နေ့တာကို သာမန်လူတွေလို သုံးနပ်မကပဲ တစ်နေ့မှာ ခြောက်နပ်ထိ(small meals) စားသုံးပါတယ်။
အဓိကစားတာကတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ငါးအမျိုးမျိုး၊ ကြက်သား/ကြက်ဥ စတဲ့အသားငါးတွေ၊ ကြက်သွန်၊အာလူး၊ဆလပ် စတဲ့ အသီးအနှံတွေကိုပဲ အဓိကထားစားသုံးပါတယ်။ ဒါ့ပြင် အအေးခံပြီးကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အရာတွေကိုမစားပါဘူး။
Ronaldo က အသင်းနဲ့ဖြစ်စေ တစ်ယောက်တည်းပဲဖြစ်စေ လေ့ကျင့်ဖို့ပဲတွေးနေတဲ့သူမျိုးပါ။ ညဘက် ဘားသွားကလပ်တက်တာတွေမရှိပါဘူး။ ဘောလုံးပွဲပြီးသွားရင်တောင် တစ်ယောက်တည်းလေ့ကျင့်နေတတ်ပါတယ်။ ဘောလုံးပွဲတစ်ခုကစားပြီးတိုင်း ရေခဲရေစိမ်ပြီး ခန္ဓာကိုယ်ကို recovery လုပ်ပါတယ်။
ဒါ့အပြင် Ronaldo က သူရဲ့အိပ်ချိန်ကိုလဲ အရမ်းဂရုစိုက်ပါတယ်။ အိပ်စက်ခြင်းက ကြွက်သားတွေ အတွေအထောက်အကူပြုလို့ အိပ်ရေး၀၀အိပ်ဖို့လိုပြီးတော့
အိပ်စက်ခြင်းအတွက်ပါ စပယ်ရှယ်လစ်တစ်ယောက်ငှားပြီး စနစ်တကျအိပ်တတ်တဲ့သူပါ။
ပြီးရင်ပျော်အောင်နေပါတယ်။ လူတစ်ယောက်မှာစိတ်က အရေးအကြီးဆုံးပါ။ စိတ်ညစ်နေရင် စိတ်ဓာတ်ကျနေရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ Ronaldo ကတော့ သူ့ရဲ့အားလပ်ချိန်တွေကို မိသားစု သူငယ်ချင်းတွေနဲ့ အတူကုန်ဆုံးပါတယ်။
Ronaldo လုပ်တဲ့အရာတွေကို ကျွန်တော်တို့အနေနဲ့ လိုက်လုပ်ဖို့ခက်ခဲပါတယ်။ အဲ့လောက်ထိလုပ်ဖို့လဲမလိုအပ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ Best Version ကို ရရှိဖို့အတွက်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်စားသောက်မှုပုံစံမျိုးရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာ၊ အဆီအငန်တွေလျော့စားပြီး အာဟာရပြည့်ဝတဲ့အစားအစားတွေကိုပဲ စားသုံးတာ၊ ဆေးလိပ်အရက်ကို ရှောင်ရှားတာမျိုး စတာတွေကိုတော့ လူတိုင်းလုပ်ဆောင်သွားသင့်ပါတယ်။ ဒါ့မှသာ အသက်အရွယ်တစ်ခုရောက်တဲ့အထိ ကိုယ့်ရဲ့ Best Versionကို ထိန်းသိမ်းထားနိုင်ပြီး အလုပ်တာဝန်တွေကို အကောင်းဆုံးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta