—————————————————————

နည်းပညာတိုးတက်လာတာနဲ့အမျှ လုပ်ငန်းတော်တော်များများကို နည်းပညာအကူအညီနဲ့

အဆင့်မြှင့်တင်လာကြတယ်၊ Digitalize လုပ်လာကြပါတယ်။

ဒီထဲမှာ စာအုပ်ပုံနှိပ်တဲ့ လုပ်ငန်းလဲ အပါအဝင်ပါပဲ။ စာဖတ်သူတွေ ပိုအဆင်ပြေအောင်၊ ထုတ်လုပ်ခ သက်သာအောင်၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်စတဲ့ အကြောင်းပြချက်တွေနဲ့ စာရွက်နဲ့ ပုံနှိပ်တဲ့ Paper Bookတွေနေရာမှာ E-book တွေကို အစားထိုးအသုံးပြုလာကြပါတယ်။

နောက်ပိုင်းနှစ်တွေမှာ E-book တွေ အသုံးပြုမှုတွေ မြင့်တက်လာပေမဲ့ မျှော်မှန်းထားသလိုတော့ Paper Book တွေကို လုံးဝ အစားထိုးနိုင်ခြင်း မရှိသေးပါဘူး။

ဒါက စာအုပ်တွေကို ကိုင်ပြီး ဖတ်ရ အရသာ၊ စာရွက်အနံ့၊ စာရွက်လှန်ရတဲ့ အရသာ၊ ပိုပြီး အာရုံစူးစိုက်မှု ကောင်းတာ ဒီလိုမျိုး အတွေ့အကြုံတွေမှာ E-book တွေက လိုက်မမှီသေးတာကြောင့် ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လဲ စာအုပ်ကိုင်ပြီး ဖတ်ရတဲ့ အရသာကိုပဲ ကြိုက်လို့ တော်တော်နဲ့ E-book တွေသုံးရတာ အသားမကျခဲ့ပါဘူး။ ဒါပေမဲ့ E-book တွေက အနာဂတ်ဖြစ်ပြီး သူ့ရဲ့ အကျိုးကျေးဇူးတွေကလဲ ပိုများတဲ့အတွက်ကြောင့် E-book တွေကို အပင်ပန်းခံပြီး ဖတ်ခဲ့တာပါ။

☑️ စာအုပ်တွေ အများကြီးကို Device တစ်ခုတည်းမှာ ဖတ်လို့ရပါတယ်။

စာအုပ်တစ်အုပ်ဖတ်ဖို့ တစ်ခါဝယ်ရ၊ ငှားရတဲ့ အချိန်တွေ သက်သာသွားတဲ့အပြင် ကိုယ့်ရဲ့ Device ထဲမှာ စာအုပ်ပေါင်း ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာကို ထည့်ထားပြီး လိုချင်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ဖတ်လို့ရပါတယ်။

☑️ စျေးနှုန်းသက်သာပါတယ်။

စာအုပ်တွေလို ပုံနှိပ်ခတွေ မရှိတော့တဲ့အတွက် စျေးနှုန်းက အများကြီး သက်သာသွားသလို Perlego, Scribd တို့လို Subscription နဲ့ ဖတ်လို့ရတဲ့ Website တွေမှာ စျေးသက်သက်သာသာနဲ့ အလွယ်တကူ ဖတ်လို့ရနေပါပြီ။

☑️ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပါတယ်။

တစ်နှစ်အတွင်း ထုတ်ဝေတဲ့ စာအုပ်ပေါင်း ၂.၂ သန်းလောက်အတွက် သစ်ပင်ပေါင်း ၃ သန်း လောက်က ခုတ်လှဲခံနေရတာပါ။ Ebook တွေကို အစားထိုး သုံးလိုက်ခြင်းက ဒီသစ်ပင်တွေကို ကာကွယ်ပြီးသား ဖြစ်သလို သယ်ယူပို့ဆောင် ထုတ်လုပ်တဲ့နေရာက Carbon Footprint တွေကိုပါ လျှော့ချလိုက်တာပါပဲ။ ဒီလိုမျိုး သဘာဝပတ်ဝန်းကျင်ကို အလေးထား အာရုံစိုက်ရမယ့် ကာလမျိုးမှာ E-book တွေက အများကြီး ကူညီပေးနိုင်မှာပါ။

☑️ စာဖတ်ရတာ အဆင်ပြေချောမွေ့စေပါတယ်။

ညအမှောင် အလင်းရောင် ကောင်းကောင်းမရတဲ့ အချိန်မျိုးမှာပါ အလွယ်တကူ ဖတ်နိုင်မှာ ဖြစ်သလို ကိုယ့်စိတ်ကြိုက် စာလုံး အရွယ်အစား၊ စာကြောင်းအကွာအဝေး၊ Highlight လုပ်တာမျိုးကိုပါ အလွယ်တကူ ပြောင်းလဲနိုင်မှာ ဖြစ်လို့ စာဖတ်ရတာ အဆင်ပြေ ချောမွေ့စေပါလိမ့်မယ်။

လူငယ် စာဖတ်သူတွေရဲ့ ၆၈ % ‌လောက်က E-book နဲ့ ဖတ်ရတာကို အသားကျနေကြပါပြီ။ နောက်မျိုးဆက်သစ်တွေက E-book တွေနဲ့ ကြီးပြင်းကြမှာပါ။ လူလတ်ပိုင်းအချို့နဲ့ လူကြီးတွေကပဲ စာအုပ်တွေကို မစွန့်လွှတ်နိုင်သေးတာပါ။

Productivity, Time Management အပိုင်းမှာလဲ Ebook တွေက စာအုပ်တွေထက် အများကြီး ပိုထိရောက်စေမှာ ဖြစ်လို့ အခုကနေ စပြီး‌တော့ဖြစ်ဖြစ် E-book တွေနဲ့ နေသားကျအောင် ကြိုးစားကျင့်ယူကြည့်ပါ။

ကျင့်သားရသွားတဲ့အခါမှာ E-book တွေရဲ့ အရသာနဲ့ အကျိုးကျေးဇူးကို နားလည်လာကြပါလိမ့်မယ်။

ဒါပေမဲ့ စာအုပ်တွေကို စွန့်လွှတ်ဖို့ဆိုတာလဲ ‌တော်ရုံလူအတွက် မလွယ်တဲ့ ဆုံးဖြတ်ချက်ဖြစ်မှာပါ။

ဒါကြောင့် နှစ်ဟောင်းမှာ ထားခဲ့ရမယ့် အလေ့အကျင့်ဟောင်းတွေထဲမှာ စာအုပ်စင်ပေါ်တင်ပြီး ဓာတ်ပုံပဲရိုက်နေတဲ့ စာအုပ်တွေကို တဖြည်းဖြည်းလျှော့ချဖို့၊ အနာဂတ်ဖြစ်တဲ့ E-book တွေနဲ့ နေသားကျအောင် ကျင့်ယူဖို့အတွက် အကြံပေးချင်ပါတယ်။

Dream Lab မှာ ဖတ်နေကြသူတွေကတော့ E-book တွေရဲ့ အကျိုးကျေးဇူးတွေကို သိကြမယ်လို့ ထင်ပါတယ်။ E-book တွေနဲ့သာဆိုရင် တစ်ရက်ကို စာအုပ်တစ်အုပ်ဖတ်ဖို့ဆိုတာလဲ ခက်ခဲတော့မှာ မဟုတ်ပါဘူး။

Dream Lab

Leave a Reply

Your email address will not be published.