စားဝတ်နေရေးအတွက် အသက်ရှင်နေသမျှ အလုပ်လုပ်နေရတဲ့ ဘဝမျိုးမရောက်ဖို့ဆိုရင် Passive Income ရမယ့် ဝင်ငွေလမ်းကြောင်းတွေ များများတည်ဆောက်ထားနိုင်ဖို့လိုတယ်။
Passive Income ဆိုတာကတော့ မိတ်ဆွေအလုပ်လုပ်စရာ မလိုဘဲ ရနေတဲ့ဝင်ငွေကို ပြောတာဖြစ်တယ်။ တစ်နည်းအားဖြင့် မိတ်ဆွေရဲ့ ပိုက်ဆံက မိတ်ဆွေအတွက် အလုပ်လုပ်ပေးနေတဲ့အတွက် မိတ်ဆွေအလုပ်လုပ်စရာ မလိုပဲ ပိုက်ဆံရနေတယ်…ဒီလို ဝင်ငွေလမ်းကြောင်းပဲ ဖြစ်တယ်။
ဥပမာပြောရရင် – အိမ်ငှါးထားလို့ရနေတဲ့ အိမ်ငှါးခဝင်ငွေတွေ၊ စတော့၊ရှယ်ယာတွေ ဝယ်ထားလို့ရနေတဲ့ အတိုးတွေ အကုန်လုံးက Passive Income တွေပဲ။
Passive Income တွေ ဖန်တီးဖို့ဆိုရင် Assets များများရှိဖို့လိုတယ်။ Asset ဆိုတာ ပိုင်ဆိုင်မှု ပစ္စည်းလို့ ဘာသာပြန်လို့ရတယ်။ ဒီထက်ပိုပြီး လွယ်လွယ်ပြောရရင်တော့ ကိုယ့်ပိုက်ဆံအိတ်ထဲကို ပိုက်ဆံထည့်ပေးနေတဲ့ အရာတွေပဲ ဖြစ်တယ်။ (အတိုးရနေတဲ့ စတော့၊ရှယ်ယာတွေ၊ ငှားရမ်းခရနေတဲ့ အိမ်၊ခြံ၊မြေ၊ကားတွေ…စသည်ဖြင့်)
သာမန်လူတွေ အလုပ်လုပ်တဲ့အခါမှာ ပိုက်ဆံရတယ်။ ရတဲ့ ပိုက်ဆံကို အသုံးစရိတ် (Expenses) နဲ့ ပေးရန်ရှိအကြွေး (Liabilities) မှာ ကုန်သွားပြီး ငွေစုတာ(Savings)၊ ရင်းနှီးမြှုပ်နှံတာ (Investing) တွေမလုပ်ဖြစ်ကြဘူး။ ဒီတော့ သူတို့အနေနဲ့ ပိုက်ဆံရှာတယ်၊ သုံးတယ်၊ ပြီးရင်ကုန်သွားတယ် နဲ့ပဲ သံသရာလည်နေလေ့ရှိတယ်။
ဒါပေမဲ့ ချမ်းသာတဲ့သူတွေကျတော့ မတူဘူး။ အလုပ်လုပ်လို့ ရတဲ့ပိုက်ဆံကို ငွေစုတယ်၊ အိမ်ခြံမြေတွေဝယ်တယ်၊ စတော့ရှယ်ယာတွေဝယ်တယ်။ ဒီလို Assets တွေ ဝယ်လိုက်တဲ့အခါ သူတို့ရဲ့ Passive Income တွေတိုးလာတာပြီး ဝင်ငွေတွေ များလာတယ်။
ဒါကြောင့် ကိုယ်အိပ်နေတဲ့အချိန်မှာ ငွေဝင်နေဖို့၊ အသက်ရှင်နေသရွေ့ စားဝတ်နေရေး အတွက် အလုပ်မလုပ်ရဖို့ဆိုရင် Assets တွေများအောင်လုပ်ပြီး Passive Income တွေတည်ဆောက်ဖို့လိုတယ်။
Dana Daily
Money is an energy
