လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် အကျော်ကနေ စတင်ပြီး အမေရိကန်နိုင်ငံမှာ အမျိုးသမီးတွေက အမေရိကန် ပညာတတ် လူဦးရေ စုစုပေါင်းရဲ့ (၅၀) ရာခိုင်နှုန်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ခွင်နဲ့ ပုဂ္ဂလိကဘ၀ နှစ်ခုစလုံးရဲ့ ခေါင်းဆောင်မှုကဏ္ဍ နေရာ အများစုမှာတော့ အမျိုးသားတွေ ဖြစ်နေတုန်းပါပဲ။ 

ဒီအချက်က အမျိုးသမီးတွေရဲ့ အသံကို တန်းတူညီမျှမှုတွေ ဖြစ်လာအောင် စဉ်းစားထားရှိပေးဖို့၊ လူမှုဘ၀တွေကို အကျိုးသက်ရောက်မှု ရှိတဲ့ ဆုံးဖြတ်ချက်တွေအဖြစ် အသိအမှတ်ပြုပေးဖို့ မလုပ်ဆောင်နိုင်သေးဘူးလို့ ဆိုလိုရာလည်း ရောက်ပါတယ်။ 

ဒီစာအုပ်ထဲမှာတော့ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး အမျိုးသမီး အယောက် (၅၀) စာရင်းထဲမှာပါဝင်တဲ့ စာရေးသူ Sheryl Sandberg က ဒီလို မညီမျှမှုတွေ ဘာအတွက်ကြောင့် ဖြစ်ပွားနေရတယ်ဆိုတဲ့ အဓိက အကြောင်းပြချက်တွေနဲ့ အမျိုးသမီးတွေ ကမ္ဘာကြီးကို အောင်နိုင်စေနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေ၊ သူတို့ရဲ့ စွမ်းအားတွေကို အသုံးချနိုင်တဲ့ အချက်တွေကို ထုတ်ဖော်ရေးသားပေးထားပါတယ်။ 

ကျွန်မတို့တတွေက သမိုင်းတစ်လျှောက်လုံးမှာ ပထမဆုံး အမျိုးသမီးတွေကို ထိပ်ဆုံးမှာ နေရာပေးတဲ့ စိတ်ဝင်စားဖွယ်ရာ အခိုက်အတန့်ကာလမှာ ရှင်သန်နေထိုင်နေရတာ ဖြစ်ပါတယ်။ ဒီအတွက် ၁၉၆၀ ခုနှစ်တွေနဲ့ ၁၉၇၀ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးရေးရာ လှုပ်ရှားမှုတွေကို ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ 

ပြောရမယ်ဆိုရင် အဲဒီအချိန်တွေမှာ ညီမျှမှုတွေ ဖြစ်ပေါ်လာဖို့အတွက် တိုက်ခိုက်နိုင်ခဲ့တဲ့ အတွက်ကြောင့် အခုအချိန်အထိ တိုးတတ်မှုတွေ တဖြည်းဖြည်းချင်းစီ ဖြစ်ပေါ်လာနေတာလို့ ဆိုလို့ ရပါတယ်။ တိုးတတ်မှုတွေက နှေးကွေးတယ်လို့တော့ ဆိုလို့ရပါတယ်။ 

ဒါပေမဲ့ ကျားမရေးရာ မညီမျှမှုတွေကတော့ လူမှုနယ်ပယ်အသီးသီးမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်တွေနဲ့ အလုပ်ခွင်တွေမှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာဆိုရင် အမေရိကန်နိုင်ငံမှာ အမျိုးသမီး လုပ်သားတစ်ယောက်က အမျိုးသား လုပ်သားတစ်ယောက် လုပ်အားခ (၁) ဒေါ်လာ ရရှိနေတဲ့ အချိန်မှာ သူတို့အနေနဲ့ (၇၇) ဆင့်ပဲ ရရှိပါတယ်။ (တစ်ဒေါ်လာမှာ ၁၀၀ ဆင့် ရှိပါတယ်။)