How the Mighty Fall စာအုပ်ထဲမှာဆိုရင် နာမည်ကြီး စီးပွားရေးကျွမ်းကျင်သူ Jim Collins က အရမ်းကိုအောင်မြင်ပါတယ်ဆိုတဲ့ ကုမ္ပဏီကြီးတွေတောင် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ လုပ်ဆောင်မိတဲ့အခါမျိုးမှာ အချိန်ခဏလေးအတွင်း ဘယ်လို ကျရှုံးသွားတတ်ကြသလဲဆိုတာကို ဖော်ပြပေးထားတဲ့အပြင် ဒါတွေကိုဘယ်လို ကာကွယ်ရမလဲဆိုတာကိုလည်း ဖော်ပြပေးထားပါတယ်။
အရမ်းအောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေ၊ အရမ်းနာမည်ကြီးတဲ့ အမှတ်တံဆိပ်တွေ ခဏလေးအတွင်းမှာ ပျောက်ကွယ်သွားတာကို ကျွန်တော်တို့ မြင်ဖူးကြုံဖူးကြသလို၊ ဒီလိုကြုံဖူးရတဲ့အတွက်လည်း ကျွန်တော်တို့အံ့သြမိကြမှာပါ။
ဥပမာ – တစ်ချိန်က လက်ကိုင်ဖုန်းဈေးကွက်ကြီးကို ချယ်လှယ်ထားခဲ့တဲ့ Nokia ကုမ္ပဏီ၊ ဓာတ်ပုံလောကို အုပ်စိုးခဲ့တဲ့ Kodak ကုမ္ပဏီတွေဆိုရင် အခုဘယ်ရောက်သွားကြပြီလဲ?
ဒီစာအုပ်ကိုတော့ အောင်မြင်တဲ့ ကုမ္ပဏီတွေရော မအောင်မြင်တဲ့ ကုမ္ပဏီတွေကိုရော နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ လေ့လာချက်တွေကနေ ရခဲ့တဲ့အချက်အလက်တွေကို အခြေခံပြီး ရေးသားခဲ့တာဖြစ်ပါတယ်။
Jim Collins ကိုယ်တိုင် သုတေသနပြု ရေးသားခဲ့တဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တွေဖြစ်တဲ့ Built to Last တို့ Good to Great တို့လို Management စာအုပ်တွေလိုပဲ How the Mighty Fall စာအုပ်ကလည်း ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး ကြီးကျယ်လှပါတယ်၊ ခမ်းနားလှပါတယ်၊ အောင်မြင်လှပါတယ်ဆိုတဲ့ ကုမ္ပဏီကြီးတွေ ကျရှုံးသွားရတဲ့ အကြောင်းရင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။