ကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့ နေ့စဉ် ပြုလုပ်နေရတဲ့ ရွေးချယ်မှုတွေက ဘယ်တော့မှ အဆုံး မရှိပါဘူး။ ဒီနေ့ခေတ်မှာ ကိုယ်က ပိတ်ရက် အားလပ်ရက် အပန်းဖြေ ခရီးတစ်ခု ထွက်မယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ ကော်ဖီတစ်ခွက် ဝယ်သောက်မယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ကျန်းမာရေးအတွက် ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြတော့မယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂျင်းဘောင်းဘီ တစ်ထည် အသစ်ဝယ်တော့မယ် ဆိုရင် ဖြစ်ဖြစ် ဒီနေ့ခေတ်မှာ ကိုယ့်မှာ ခေါင်းတွေ နောက်လောက်အောင် ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။
ဒီလိုမျိုး အများကြီး လိုက်ရွေးနေစရာ မလိုဘဲ၊ ခေါင်းစားနေစရာ မလိုဘဲ တစ်ခုတည်းကိုပဲ ပြတ်ပြတ်သားသား ရွေးချယ်လိုက်လို့ရော မရဘူးလား။ ဒီစာအုပ်ကို ရေးသားသူ ပရော်ဖက်ဆာ Barry Schwartz ရဲ့ အဆိုအရဆိုရင်တော့ ဒီလို ရွေးချယ်လိုက်လို့ ရတယ်လို့ ဆိုပါတယ်။