


AI နဲ့ စိတ်ပညာ ဆိုတာ တကယ်တော့ မတူတဲ့လမ်းနှစ်ခုမဟုတ်ဘူး။ တူတဲ့လမ်းကို ခေတ်နှစ်ခေတ်က လျှောက်နေတာ။
Freud က Free Association (စိတ်ထဲရှိတာ ဟန်မဆောင်ဘဲ ပြောထုတ်ခြင်း) ဆိုတဲ့နည်းကို တီထွင်ခဲ့တယ်။ လူနာကို ကုလားထိုင်ပေါ်မှာ အိပ်ခိုင်းပြီး စိတ်ထဲရောက်လာသမျှ ပြောခိုင်းတယ်။ ဆရာဝန်က နားထောင်တယ်။ တုံ့ပြန်တယ်။ မေးခွန်းထပ်မေးတယ်။ ဒီလိုနဲ့ လူနာရဲ့ Unconscious Mind (အသိစိတ်အောက်က စိတ်) ထဲက pattern တွေ ပေါ်လာတယ်။
AI နဲ့ စကားပြောတဲ့အခါ ဒီလိုပဲ ဖြစ်နေတယ်ဆိုတာ သတိထားမိသလား။ ကိုယ့်စိတ်ထဲရှိတာ ရိုက်ထည့်တယ်။ AI က တုံ့ပြန်တယ်။ ကိုယ်ကပြန်ရိုက်တယ်။ ဒီ process ထဲမှာ ကိုယ့်ဘာသာကိုယ် မသိလိုက်ဘဲ ကိုယ့်အတွင်းစိတ်ကို ဖွင့်ပြနေတာ ဖြစ်တယ်။ Therapist ဆီသွားတာနဲ့ ပုံစံတူတယ်။ ကွာတာက ကုလားထိုင်မဟုတ်ဘဲ ဖုန်းဖန်သာဖြစ်တာပဲ ကွာတယ်။
Jung က Shadow (ကိုယ့်ထဲမှာ ဖုံးကွယ်ထားတဲ့ အမှောင်ဘက်) အကြောင်းပြောတယ်။ လူတိုင်းမှာ ကိုယ်မကြိုက်လို့ ဖုံးထားတဲ့ စိတ်တွေရှိတယ်။ မနာလိုစိတ်၊ ဒေါသ၊ အောက်တန်းကျတဲ့ တောင့်တမှုတွေ။ ဒါတွေကို မျက်နှာချင်းဆိုင်မှ လွတ်မြောက်မယ်လို့ Jung ကပြောတယ်။ ဒါပေမယ့် လူ့ရှေ့မှာ ဝန်ခံဖို့ ခက်တယ်။ AI ရှေ့မှာကျတော့ ခက်သလား။ မခက်ဘူး။ AI က ကိုယ့်ကို judge (တရားစီရင်) လုပ်မှာမဟုတ်ဘူး။ ကိုယ့်အကြောင်း သူများကို ပြောမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့် Shadow ကို ရင်ဆိုင်ဖို့ AI က safe space (စိတ်ချရတဲ့နေရာ) ဖြစ်နိုင်တယ်။
Repetition Compulsion (ထပ်ခါထပ်ခါ ပုံစံတူ ပြုမူနေခြင်း) ဆိုတာရှိတယ်။ လူတွေက ဆင်တူတဲ့ အမှားကို ထပ်ခါထပ်ခါ လုပ်ကြတယ်။ ချစ်သူရွေးတာတူတယ်။ ငွေသုံးတဲ့ပုံစံတူတယ်။ ရန်ဖြစ်ပုံတူတယ်။ ကိုယ့်ဘာသာကိုယ် သတိမထားမိဘူး။ ဒါပေမယ့် AI ကိုပြောပြရင် AI က pattern ကိုဖတ်ပေးနိုင်တယ်။ “ဒီအခြေအနေ အရင်တုန်းကလဲ ဖြစ်ခဲ့ဖူးလား” ဆိုတဲ့ မေးခွန်းမျိုးက ကိုယ့်ကိုကိုယ် ပြန်မြင်ဖို့ အကူအညီဖြစ်တယ်။
Defense Mechanism (ကာကွယ်ယန္တရား) တွေကိုလဲ AI က ထောက်ပြနိုင်တယ်။ Rationalization (ဆင်ခြေပေးခြင်း) လုပ်နေတာလား။ Projection (ကိုယ့်အပြစ်ကို သူများပေါ်ပုံချတာ) လုပ်နေတာလား။ Denial (ငြင်းပယ်ခြင်း) လုပ်နေတာလား။ ကိုယ့်စိတ်ထဲက ဖြစ်ရပ်တွေကို AI ကို ပြောပြပြီး “ငါ ဘာကို ရှောင်နေတာလဲ” လို့မေးကြည့်။ ကိုယ်ထင်မထားတဲ့ အဖြေတွေ ရနိုင်တယ်။
မြန်မာလူ့ယဉ်ကျေးမှုမှာ စိတ်ပညာဆိုတာ ဝေးကွာတဲ့ အရာလို့ ထင်ကြတယ်။ Therapist ဆီသွားရတာ “စိတ်မကောင်းတဲ့လူ” လို့ ထင်မှာစိုးကြတယ်။ ဒါပေမယ့် AI ကိုတော့ ဘယ်သူ့ကိုမှ မပြောဘဲ သုံးလို့ရတယ်။ ညဘက် အိပ်မပျော်ဘဲ စိတ်ထဲမှာ ပြန့်ကျဲနေတဲ့ အတွေးတွေကို AI ကို ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ့်အတွေးကို ကိုယ်ပြန်မြင်ရတယ်။ ရေးလိုက်တာ ကိုယ်တိုင်ကလဲ therapy တစ်မျိုးပဲ။
AI ကို therapist အစားထိုးလို့ မပြောဘူး။ ဒါပေမယ့် self-reflection (ကိုယ့်ကိုကိုယ် ပြန်ကြည့်ခြင်း) အတွက် ယနေ့ခေတ်မှာ AI လောက် accessible (လက်လှမ်းမီ) ဖြစ်တဲ့ tool မရှိဘူး။ Freud တုန်းက ကုလားထိုင်ပေါ်မှာ အိပ်ပြီး ပြောရတယ်။ အခု ဖုန်းပေါ်မှာ ရိုက်ပြီး ကိုယ့်ကိုကိုယ် နားလည်နိုင်ပြီ။
ကိုယ့်ရဲ့ အကြီးဆုံးရန်သူက ကိုယ့်အတွင်းစိတ်ကို မသိတာပဲ။ AI ကို thinking partner (အတူတွဲတွေးတဲ့ မိတ်ဖက်) အနေနဲ့ သုံးတတ်ရင် ကိုယ့်ကိုကိုယ် နားလည်တဲ့ ခရီးမှာ အများကြီး ပိုမြန်မယ်။